MWC 2020 ဖျက်သိမ်းခဲ့လို့ မိတ်မဆက်ဖြစ်ခဲ့တဲ့ ZTE ရဲ့ Axon 11 5G ဟာ လာမယ့် ၂၃ ရက်နေ့မှာ တရုတ်နိုင်ငံဈေးကွက်ထဲ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေတာကြောင့် ထုံးစံအတိုင်း Online Event အနေနဲ့ပဲ မိတ်ဆက်သွားဖွယ်ရှိနေတာပါ။

မိတ်ဆက်မယ့်ရက် ကပ်နေတာတောင် ZTE Axon 11 5G နဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သေးစိတ်မသိရသေးပေမယ့် အခုတော့ Geekbench မှာ ဒီစမတ်ဖုန်းကို တွေ့မြင်လိုက်ရပါပြီ။ ZTE Axon 11 5G မှာ Qualcomm Snapdragon 865 Chipset သုံးထားမယ်လို့ ကောလာဟလထွက်ခဲ့ပေမယ့် Geekbench မှာတွေ့ရသလောက် သိပ်ပြီးကိုက်ညီမှု မရှိဘူးလို့ ဆိုရမှာပါ။

ZTE Axon 11 5G ဟာ Android 10 မောင်းနှင်ထားပြီး RAM ကတော့ 6GB ဖြစ်တာကို တွေ့ရပါတယ်။ Motherboard ကို “dice” အဖြစ် စာရင်းသွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။ Chipset ကတော့ Qualcomm ဖြစ်ပေမယ့် Snapdragon 865 လို့ အတည်မပြုနိုင်ပါဘူး။ အထူးသဖြင့် ရလဒ်ပိုင်းကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ZTE Axon 11 5G ဟာ Mid-range SoC နဲ့ ထွက်လာတာလည်း ဖြစ်နိုင်ပါတယ်။ ထည့်သွင်းစဉ်းစားရမယ့်အချက်ကတော့ အခုရလဒ်ဟာ Pre-production unit ကို မောင်းနှင်ပြီး စစ်ဆေးထားတဲ့ Benchmark မဟုတ်ဘူးဆိုတာပါပဲ။ ဒါကြောင့် Snapdragon 865 ဆိုတာလည်း ဖြစ်လာနိုင်ခြေ ရှိတယ်လို့ တွက်ထားရမှာပါ။

ပြီးခဲ့တဲ့ရက် ပေါက်ကြားမှုမှာတော့ ZTE Axon 11 5G ဟာ ကျောဘက်ကင်မရာ လေးလုံးနဲ့ ဖြစ်တာကို သိခဲ့ရပါတယ်။ စတုရန်းပုံ ကင်မရာအိမ်ထဲမှာ 64MP အဓိက ကင်မရာပါဝင်မှာဖြစ်ပြီး Periscope ပါဝင်လာဖွယ်မရှိဘူးလို့လည်း သတင်းထွက်ထားတာပါ။ ပြောရရင်တော့ ကင်မရာနဲ့ပတ်သက်တဲ့ အချက်အလက်တွေလည်း မသိရသေးပါဘူး။ ဒီအတွက် တရားဝင်မိတ်ဆက်မယ့်ရက်ကိုပဲ စိတ်ရှည်ရှည်ထားပြီး စောင့်ဆိုင်းရတော့မှာပါ။

Ref: GSM Arena