ကိုရိုနာဗိုင်းရက်စ်ကြောင့် iPhone ဝယ်ပြီး အိမ်မှာပဲ နှပ်နေချင်သူတွေအတွက် သတင်းကောင်းပါ။ Apple ဟာ iPhone ရောင်းပေးတဲ့ မူဝါဒကို ပြန်ပြောင်းလိုက်ပါပြီ။ ပြီးခဲ့တဲ့ ၁ ပတ်က Apple ဟာ တစ်ကြိမ်မှာ iPhone ၂ လုံးပဲ အကန့်အသတ်နဲ့ ရောင်းပေးမယ်လို့ သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Apple ဟာ အဲဒီ ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီး iPhone တွေ လိုသလောက် ပြန်ရောင်းပေးတော့မှာ ဖြစ်ပါတယ်။

တကယ်တော့ အကန့်အသတ် လုံးဝ မရှိတာ မဟုတ်ပါဘူး။ တစ်ကြိမ်ဝယ်ရင် အများဆုံးအနေနဲ့ iPhone ၉၉၉ လုံးပဲ Apple က ရောင်းပေးထားတာ ဖြစ်ပါတယ်။ ဒီလို ကန့်သတ်ထားတာဟာ iPad နဲ့ MacBook မော်ဒယ်တချို့အတွက်လည်း အကျုံးဝင်ပါတယ်။ Apple ဟာ ကိုရိုနာဗိုင်းရက်စ်ကြောင့် တရုတ်၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ မကာအို ပြင်ပက မြေပြင်စတိုးအားလုံးကို ပိတ်ထားပါတယ်။

တရုတ်မှာ စမတ်ဖုန်း အများစုကို ထုတ်လုပ်နေတာ ဖြစ်ပြီး ဗိုင်းရက်စ်ကြောင့် စက်ရုံ ၊ အလုပ်ရုံတွေ ပိတ်ခဲ့ရတဲ့အတွက် စမတ်ဖုန်း ထုတ်လုပ်မှုကို ထိခိုက်စေခဲ့ပါတယ်။ Apple က ဒါကြောင့်ပဲ iPhone ကန့်သတ်ရောင်းချဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။ အခုတော့ တရုတ်မှာ ဗိုင်းရက်စ်ကို ထိန်းချုပ်ထားနိုင်ပြီ ဖြစ်တဲ့အတွက် စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ပတ်နိုင်နေပြီဖြစ်ပါတယ်။

Ref : gsmarena