Macau က အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးဟာ လမ်းလျှောက်ရင်း ဖုန်းသုံးနေချိန် သူမရဲ့အနောက်မှာ လူတူ စက်ရုပ်ငယ်တစ်ရုပ် ရုတ်တရက် ပေါ်လာတဲ့အတွက် အတော်လေး လန့်သွားခဲ့ပါတယ်။

အရပ် ၄ ပေ ၄ လက်မရှိတဲ့ Unitree G1 လို့ခေါ်တဲ့ အဲဒီစက်ရုပ်ကို ဒေသခံ ပညာရေးစင်တာတစ်ခုက ပရိုမိုးရှင်းလုပ်ငန်းတွေအတွက် အသုံးပြုနေတာ ဖြစ်ပါတယ်။

လန့်သွားတဲ့ အမျိုးသမီးဟာ သူ့ရင်တွေ အရမ်းခုန်သွားတယ်လို့ဆိုပြီး စက်ရုပ်ကို အော်ဟစ်ခဲ့ပါတယ်။ သူမက စက်ရုပ်နဲ့ ပြဿနာတက်နေချိန်လမ်းသွားလမ်းလာ တချို့က စောင့်ကြည့်နေခဲ့ကြပါတယ်။
မကြာခင်မှာ ရဲတွေရောက်လာပြီး စက်ရုပ်ရဲ့ ပခုံးပေါ်ကို လက်တင်ကာ အေးအေးဆေးဆေး ခေါ်ဆောင်သွားခဲ့တာကြောင့် အွန်လိုင်းပေါ်မှာ “ပထမဆုံး ဖမ်းဆီးခံရတဲ့ လူတူစက်ရုပ်” ဆိုပြီး နောက်ပြောင်ပြောဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
အဲဒီအမျိုးသမီးကို ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ တိုင်တန်းမှုမလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ စက်ရုပ်ရဲ့ အသက် ၅၀ အရွယ် ပိုင်ရှင်ကိုတော့ လူမြင်ကွင်းမှာ အသုံးပြုချိန်မှာ သတိထားဖို့ သတိပေးခဲ့ပါတယ်။
Ref : Technology Innovation