တရုတ်စွမ်းအင်ကုမ္ပဏီတစ်ခုက အမြင့်ပိုင်းမှာရှိတဲ့ လေကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ လေဘောလုံးပုံစံ လေရဟတ်တစ်မျိုးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။

Beijing Linyi Yunchuan Energy Technology က တည်ဆောက်ထားတဲ့ S2000 လေကြောင်းသုံး လေစွမ်းအင်စနစ် (AWES) ဟာ ဟီလီယမ်ဓာတ်ငွေ့ ဖြည့်တင်းထားတဲ့ လေသင်္ဘောဖြစ်ပြီး လေရဟတ် ၁၂ ခုကို သယ်ဆောင်ထားပါတယ်။ ပိုမိုအားကောင်းပြီး တည်ငြိမ်တဲ့ လေကို ဖမ်းယူနိုင်ဖို့ ပေထောင်ချီ အမြင့်ကို တက်သွားပြီး လေရဟတ်တွေကို လည်ပတ်စေကာ ကြိုးကတစ်ဆင့် မြေပြင်ကို လျှပ်စစ်စွမ်းအင်တွေ ပို့လွှတ်ပေးပါတယ်။

စီချွမ်ပြည်နယ်မှာ စမ်းသပ်စဉ်အတွင်း အဲဒီ S2000 ဟာ အမြင့်ပေ ၆,၅၆၀ (၂,၀၀၀ မီတာ) အထိ ရောက်ရှိခဲ့ပြီး လျှပ်စစ်စွမ်းအင် ၃၈၅ ကီလိုဝပ်နာရီကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ S2000 ရဲ့ အရွယ်အစားဟာ အလျား ၁၉၇ ပေ (၆၀ မီတာ)၊ အနံနဲ့ အမြင့် ၁၃၁ ပေ (၄၀ မီတာ) ရှိပြီး စုစုပေါင်း လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း ၃ မီဂါဝပ် ရှိပါတယ်။
အဲဒီနည်းပညာကိုသာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်မယ်ဆိုရင် ဂျပန်နဲ့ ဥရောပရဲ့ တချို့ဒေသတွေလိုမျိုး လေရဟတ်စိုက်ခင်းတွေအတွက် မြေနေရာ အကန့်အသတ်ရှိတဲ့ နိုင်ငံတွေ ဒါမှမဟုတ် ကမ်းလွန်လေရဟတ်တွေအတွက် ရေနက်လွန်းတဲ့ နေရာတွေအတွက် ဖြေရှင်းနည်းအသစ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
Ref : Technology Innovation