ဂျပန်နိုင်ငံမှာရှိတဲ့ စတိုးဆိုင်တစ်ဆိုင်ဟာ ဝန်ထမ်းတွေနဲ့ လာရောက်ဝယ်ယူသူတွေကို  Mask တပ်ဖို့နဲ့ တစ်ဦးနဲ့တစ်ဦးကြား လုံလောက်တဲ့အကွာအဝေးမှာရှိနေကြဖို့အတွက် စက်ရုပ်ကိုအသုံးပြုပြီး လမ်းညွှန်မှုပြုလုပ်စေတယ်လို့ သိရပါတယ်။

COVID-19 ကြားရှင်သန်ကြရာမှာ အရေးကြီးတဲ့ ဒီတာဝန်ကို ထမ်းဆောင်နေတဲ့စက်ရုပ်ရဲ့နာမည်က “Robovie” ဖြစ်ပါတယ်။ Robovie ကို စက်ရုပ်တွေတီထွင်ထုတ်လုပ်မှုနယ်ပယ်မှာ ဦးဆောင်ကုမ္ပဏီဖြစ်တဲ့ Advanced Telecommunications Research Institute (ATR) က တီထွင်ခဲ့တာဖြစ်ပါတယ်။ အသုံးပြုနေတဲ့စတိုးဆိုင်ကတော့ Cerezo Osaka ရဲ့ တရားဝင်ကုန်ပစ္စည်းနဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင် ဖြစ်ပါတယ်။

Robovie ဟာ 3D လေဆာရောင်ခြည်နည်းပညာနဲ့ Artificial Intelligence တို့ကိုပေါင်းစပ်ထားပြီး ကင်မရာတွေကတစ်ဆင့် လုပ်ဆောင်ရမယ့်ကိစ္စတွေကို ညွှန်ကြားတာဖြစ်ပါတယ်။ ဆိုင်ကိုလာတဲ့ ဈေးဝယ်တွေမှာ Mask တပ်မထားတာ၊ လုံလောက်တဲ့ Social-distance မှာ ရှိမနေတာတို့ဆိုရင် Robovie က စည်းမျဉ်းတွေကို လိုက်နာခြင်းမရှိကြောင်း လိုက်လံသတိပေးမှာ ဖြစ်ပါတယ်။

Robovie ကို အသုံးပြုခြင်းဟာ ဂျပန်နိုင်ငံရဲ့ COVID-19 အပေါ် နည်းပညာနဲ့ တုံ့ပြန်မှု၊ လူသားဘဝကို စိန်ခေါ်လာတဲ့ ပြဿနာတွေကို ဖြေရှင်းပုံ စတာတွေကို တစ်စိတ်တစ်ပိုင်း လှစ်ဟပြသနေတာပဲ ဖြစ်ပါတယ်။ အဆိုပါစတိုးဆိုင်ဟာ Robovie ကို တစ်လတာ စမ်းသပ်သုံးစွဲမှုပြုလုပ်ခဲ့ကြောင်းလည်း ATR က ပြောဆိုခဲ့ပါတယ်။

Ref: Gizmochina