နေမကောင်းဖြစ်လို့ပဲဖြစ်ဖြစ်၊ ရောဂါလက္ခဏာတစ်ခုခု သိချင်လို့ပဲဖြစ်ဖြစ် ChatGPT တို့လို AI chatbots တွေကို အားကိုးတော့မယ်ဆိုရင် ခေတ္တလောက် စဉ်းစားကြည့်ပါဦး။
AI တွေဟာ ဆေးဘက်ဆိုင်ရာ စာမေးပွဲတွေကို ဂုဏ်ထူးနဲ့ အောင်မြင်နိုင်စွမ်း ရှိပေမဲ့ တကယ့်လက်တွေ့မှာတော့ လူတွေအတွက် စိတ်ချရတဲ့ ဆရာဝန်တစ်ယောက် ဖြစ်မလာသေးဘူးလို့ နောက်ဆုံးထွက်ပေါ်လာတဲ့ သုတေသနတစ်ခုက သတိပေးလိုက်ပါတယ်။

ဗြိတိန်သုတေသီတွေဟာ လူပေါင်း ၁,၃၀၀ နီးပါးကို AI တွေဖြစ်တဲ့ GPT-4o၊ Llama 3 တို့နဲ့ စမ်းသပ်ကြည့်ခဲ့ရာမှာ စိတ်ပျက်စရာ ရလဒ်တွေ ထွက်ပေါ်လာတာပါ။
AI အသုံးပြုသူတွေဟာ သူတို့ဖြစ်နေတဲ့ ရောဂါကို ၃ ပုံ ၁ ပုံလောက်ပဲ မှန်အောင် ခန့်မှန်းနိုင်ကြပြီး၊ ဘယ်လိုကုသရမလဲဆိုတဲ့ နေရာမှာလည်း ထက်ဝက်တောင် မှန်အောင် မလုပ်နိုင်ကြပါဘူး။ ဒါဟာ အင်တာနက်မှာ ရိုးရိုးတန်းတန်း ရှာဖွေဖတ်ရှုတာထက်တောင် ပိုပြီး အားကိုးလို့ မရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
ဘာကြောင့် AI တွေ ညံ့ဖျင်းနေရတာလဲဆိုတော့ “လူနဲ့စက်ကြား ဆက်သွယ်မှု အားနည်းချက်” ကြောင့်လို့ ဆိုပါတယ်။ တကယ့်လူနာတွေဟာ AI ကို အချက်အလက်ပေးတဲ့အခါ လိုအပ်တာတွေ အကုန်မပြောမိတာမျိုး၊ AI ရဲ့ ညွှန်ကြားချက်ကို နားလည်မှုလွဲတာမျိုး ဒါမှမဟုတ် AI ပေးတဲ့ အကြံဉာဏ်ကို လျစ်လျူရှုမိတာမျိုးတွေ ရှိနေတာပါ။
ဒါကြောင့် အရေးပေါ် အကူအညီ လိုအပ်နေချိန်မှာ AI ကို မေးနေတာဟာ အချိန်ကြန့်ကြာစေပြီး အသက်အန္တရာယ်တောင် ရှိနိုင်တယ်လို့ သုတေသီတွေက ထောက်ပြထားပါတယ်။
အခုနောက်ပိုင်း အမေရိကန်မှာဆိုရင် လူကြီး ၆ ယောက်မှာ ၁ ယောက်ဟာ တစ်လကို တစ်ကြိမ်လောက် AI ဆီမှာ ကျန်းမာရေး အကြံဉာဏ် တောင်းနေကြပါတယ်။ ဒါဟာ တကယ်တမ်းမှာတော့ အရမ်းကို အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်လို့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် AI ကို အကြွင်းမဲ့ မယုံကြည်ဘဲ ခိုင်မာတဲ့ ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေဆီမှာပဲ အတည်ပြုကြဖို့ ပညာရှင်တွေက ပြင်းပြင်းထန်ထန် တိုက်တွန်းထားပါတယ်။
Ref: Bangkokpost