Apple ဟာ အခုအချိန်မှာ iPhone 14 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ ယခုနှစ်မှာတော့ iPhone 14 mini ကို မိတ်ဆက်ထားခြင်းမရှိဘဲ iPhone 14 ၊ iPhone 14 Plus ၊ iPhone 14 Pro ၊ iPhone 14 Pro Max ဆိုပြီး ၄ မျိုး မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ကနေ ပြီးခဲ့တဲ့ iPhone 12 Series နဲ့ iPhone 13 Series ဖုန်းတွေမှာ Pro Series တွေကိုပဲ RAM 6GB ထည့်သွင်းပေးခဲ့တာဖြစ်ပြီး သာမန် iPhone 12 နဲ့ 13 Series တွေကိုတော့ RAM 4GB ပဲ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။ Apple ရဲ့ iOS ကြောင့် အခုလိုမျိုး RAM ကွာခြားမှုဟာ တကယ်တမ်းအသုံးပြုတဲ့အချိန်မှာ သိသာမှုနည်းပါးပေမယ့် Multitasking ပိုင်းတွေမှာ Pro Series ဖုန်းတွေကပဲ ပိုကောင်းမွန်နေမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခုအချိန်မှာတော့ Apple ကနေ ယခုနှစ်မှာ မိတ်ဆက်ခဲ့တဲ့ iPhone 14 Series ဖုန်းအားလုံးမှာ တူညီတဲ့ RAM 6GB ကို ထည့်သွင်းပေးလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ Xcode 14 Beta ကနေ သိရှိခဲ့ရတာဖြစ်ပါတယ်။

အစောပိုင်းတုန်းက သတင်းတွေထွက်ရှိချက်အရတော့ Apple ဟာ အခုလိုမျိုး RAM 6GB ကိုပဲ တူညီစွာအသုံးပြုထားပေမယ့် iPhone 14 Pro Series ဖုန်းတွေမှာ ပိုမိုမြန်ဆန်တဲ့ LPDDR5 RAM အမျိုးအစားကို သုံးထားမှာဖြစ်ပြီး iPhone 14 Series မှာတော့ LPDDR4X RAM ကိုပဲ အသုံးပြုထားမယ်လို့ သိရပါတယ်။ ဒါကတော့ Apple ကနေ iPhone 14 Series ဖုန်းတွေကို စျေးကွက်အတွင်းမှာရောင်းချတဲ့အချိန်မှပဲ အတိအကျသိနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena