Android 11 ဟာ အခုအချိန်မှာ တရားဝင် Stable Update ထွက်ရှိဖို့နီးစပ်နေပြီဖြစ်ပြီး လာမယ့် စက်တင်ဘာလအတွင်းမှာ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။ အဲ့ဒီအတွက် ဘယ်လိုမျိုး Feature ပြောင်းလဲမှုတွေပါမလဲဆိုတာက တဖြည်းဖြည်းပိုပြီး အတည်ပြုနိုင်ပြီဖြစ်ပါတယ်။

Android 11 Update ဟာ Notification ပိုင်းနဲ့ Privacy ပိုင်းမှာ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေအများအပြားပါဝင်လာမှာဖြစ်သလို အခုနောက်ဆုံး သိရှိရတဲ့သတင်းတစ်ခုအရ Third-party Camera App တွေအသုံးပြုတဲ့သူတွေအတွက် သတင်းဆိုးတစ်ခုထွက်ပေါ်လာပြန်ပါတယ်။ အဲ့ဒါကတော့ Android 11 ကနေ စတင်ပြီးတော့ တချို့သောအခြေအနေတွေမှာ Default Camera App ကလွဲပြီး တခြားသော Camera App တွေကို အသုံးပြုနိုင်ခြင်းမရှိတော့တာပဲဖြစ်ပါတယ်။

အဆိုပါသတင်းကို Google ကနေ တရားဝင်အတည်ပြုပေးခဲ့ပြီးတော့ Android 11 မှာ Third-party Camera App တစ်ခုခုကို Default Camera App အနေနဲ့ ရွေးချယ်နိုင်မယ့် Option ကို လုံးဝဖြုတ်ချသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Application တစ်ခုခုကနေ Camera ကိုရွေးချယ်ရိုက်ကူးမယ်ဆိုရင် ယခင်ကလိုမျိုး တခြား Third-party Camera App တွေကို ရွေးချယ်နိုင်မှာမဟုတ်တော့ဘဲ Default Camera App ကိုပဲ အသုံးပြုရမှာပါ။

ဒါပေမယ့်လည်း ဒီလိုမျိုး Default Camera App ကို ရွေးချယ်နိုင်ခွင့်မရှိတော့ပေမယ့် Hardware Shortcut ဖြစ်တဲ့ Power Button ကို Double Click ပြုလုပ်ပြီး Camera ရိုက်ကူးတာမျိုးမှာတော့ ဆက်လက်ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ပုံမှန်အတိုင်းရိုက်ကူးဖို့အတွက်ကလည်း နှစ်သက်ရာ Third-party Camera App ထဲကို Home Screen ကနေ ဝင်ရောက်ပြီး ရိုက်ကူးနိုင်မှာပါ။

Google ကတော့ ဘာကြောင့်အခုလိုမျိုး Third-party Camera App တွေကို Default အနေနဲ့ အသုံးပြုခွင့်ကို ပိတ်ပင်လိုက်သလဲဆိုတာကိုတော့ ပြန်လည်ဖြေရှင်းခဲ့ခြင်းမရှိပါဘူး။

Ref – 9to5Google