Samsung ကနေ လာမယ့်သြဂုတ်လ ၅ ရက်နေ့မှာ Galaxy Note 20 Series စမတ်ဖုန်းတွေအပြင် Wireless Earbuds အသစ်ဖြစ်တဲ့ Galaxy Buds Live ကိုပါ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Galaxy Buds Live နဲ့ ပတ်သက်ပြီး ဓါတ်ပုံတွေအပြင် ပါဝင်လာမယ့် Feature တွေပေါက်ကြားခဲ့ပြီးဖြစ်သလို အခုလည်းအရေးပါတဲ့သတင်းတွေထပ်မံပေါက်ကြားလာပြန်ပါပြီ။

ဒါကတော့ စျေးနှုန်းနဲ့ Battery Life ပိုင်းဖြစ်ပြီး စျေးနှုန်းအနေနဲ့ Galaxy Buds Live Earbuds ဟာ $169 (မြန်မာငွေ ၂ သိန်း ၃ သောင်းဝန်းကျင်) နဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် Active Noise Cancellation ပါဝင်တဲ့ True Wireless Earbuds အနေနဲ့ စျေးတန်တယ်လို့ ပြောနိုင်ပြီးတော့ Apple AirPods Pro ထက်လည်း စျေးတော်တော်လေးကို သက်သာနေတာပါ။

Battery Life ပိုင်းမှာတော့ ယခုနှစ်အစောပိုင်းတုန်းက မိတ်ဆက်ခဲ့တဲ့ Galaxy Buds+ လိုမျိုး ၁၁ နာရီဆက်တိုက်အသုံးပြုနိုင်မှာတော့မဟုတ်တော့ပါဘူး။ အဲ့ဒီအစား Feature တွေအကုန်လုံးကို ပိတ်ပြီးအသုံးပြုမယ်ဆိုရင် အများဆုံး ၇.၅ နာရီ၊ Always-on Microphone Feature ကိုအသုံးပြုမယ်ဆိုရင် ၅.၅ နာရီနဲ့ ANC ကိုပါ အသုံးပြုမယ်ဆိုရင် ၄.၅ နာရီပဲ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Charging Case နဲ့ ပေါင်းလိုက်ရင်တော့ အများဆုံး ၂၈ နာရီအထိ ဆက်တိုက်သုံးပြုနိုင်မယ်လို့ သိရပါတယ်။

Always-on Microphone Feature ဟာ Bixby Assistant အတွက်ပဲဖြစ်မယ်လို့ သိရပြီး တခြားသော Google Assistant လိုမျိုးနဲ့ ပြောင်းလဲနိုင်မလားဆိုတာကိုတော့ မသိရှိရသေးပါဘူး။ Galaxy Buds Live မှာ Touch Pad Gesture တွေ၊ Acceleration နဲ့ Distance Sensor တွေပါဝင်မှာဖြစ်သလို တစ်ခုကို 5.6g ပဲ အလေးချိန်ရှိမှာဖြစ်ပါတယ်။ အားသွင်းတဲ့အချိန်မှာလည်း USB-C သို့မဟုတ် Qi Wireless Charging ပါဝင်မှာဖြစ်ပြီး ၃ မိနစ်အားသွင်းရုံနဲ့ ၃၅ မိနစ်ခန့်အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Samsung Galaxy Buds+ တွေဟာ ပေးရတဲ့စျေးနဲ့တန်တဲ့ Wireless Earbuds တွေဖြစ်နေသလိုပဲ အခု Galaxy Buds Live တွေကလည်း စျေးတော်တော်လေးကို သက်သာတဲ့ Active Noise Cancellation Earbuds တွေဖြစ်လာဖို့များနေပါတယ်။

Ref – 9to5Google