လွန်ခဲ့တဲ့ရက်ပိုင်းကပဲ Poco F1 ရဲ့ မျိုးဆက်သစ်ကို အိန္ဒိယဈေးကွက်ထဲမှာ ကြေညာနိုင်တယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ Poco Phone သစ်တစ်မျိုး ဒီနှစ်ကုန်ပိုင်းမှာ မိတ်ဆက်လာမယ့်အကြောင်း သတင်းထွက်ပေါ်လာခဲ့ပြန်ပါတယ်။

Poco ဟာ ၂၀၂၀ ပြည့်နှစ်ထဲမှာ ဖေဖော်ဝါရီလကစတင်ပြီး ဒီအမှတ်တံဆိပ်အောက်မှာပဲ ဒါဇင်ဝက်လောက် ထုတ်လုပ်မိတ်ဆက်ခဲ့တာပါ။ အခုလည်း ကုမ္ပဏီရဲ့ ဈေးကွက်ရှာဖွေရေးမန်နေဂျာက Poco အနေနဲ့ ဒီနှစ်ထဲမှာ စမတ်ဖုန်းသစ်တွေ မိတ်ဆက်မှုကို ရပ်တန့်သွားမှာမဟုတ်တဲ့အကြောင်း တွစ်တာကတစ်ဆင့် အသိပေးလိုက်ပြန်ပါတယ်။

ဒါ့အပြင် Poco ရဲ့ အမည်မသိရသေးတဲ့ ဟန်းဆက်တစ်ခုနဲ့ပတ်သက်တဲ့ အချက်အလက်အချို့ကိုလည်း EEC certified ရထားတာကို တွေ့မြင်ရပြန်ပါတယ်။ Euroasian Economic Commission မှာတွေ့ရတာက မော်ဒယ်နံပါတ် M2010J19SC နဲ့ဖြစ်ပြီး၊ ဒီ Device အကြောင်းလုံးဝကို မသိရသေးတာလည်း ဖြစ်ပါတယ်။ ဒီတော့ Poco စမတ်ဖုန်းသစ်ဟာ Xiaomi ရဲ့ လက်ရှိ၊ ရှိပြီးသား ကမ္ဘာလုံးဆိုင်ရာဗားရှင်းမဟုတ်ဘူးလို့ ယူဆနိုင်စရာရှိပါတယ်။

ဒါပေမယ့်လည်း မော်ဒယ်နံပါတ်ဟာ Xiaomi device နဲ့တော့ အတော်လေး ဆင်တူနေပြန်ပါတယ်။ ဒီတော့ Poco စမတ်ဖုန်းသစ်ဟာ အခုထိမကြေညာရသေးတဲ့ Redmi Note 10 ရဲ့ Global ဗားရှင်းအနေနဲ့ ထွက်လာမယ်ဆိုရင်လည်း အံ့သြစရာမဟုတ်ပါဘူး။ အကြောင်းက Poco ဟာ Xiaomi နဲ့ ကွဲပြားခြားနားဖို့ ကြိုးစားနေတယ်ဆိုပေမယ့် စက်ရုံနဲ့ ထောက်ပံ့ရေးကွင်းဆက်တွေကတော့ အတူတူပဲ ဖြစ်နေတာကြောင့် ဖြစ်ပါတယ်။

ကနဦးကောလာဟလတွေအရ Redmi Note 10 ဟာ Snpadragon 750G chipset အသုံးပြုထားပြီး 108MP ကင်မရာနဲ့ 33W အမြန်အားသွင်းစနစ် ထောက်ပံ့ပေးထားမယ်လို့ သိရပါတယ်။ နောက်တစ်ချက်က အိန္ဒိယမှာ မိတ်ဆက်မယ်ဆိုတဲ့ Poco F1 ကို ဆက်ခံမယ့် ဟန်းဆက်ဟာ လာမယ့်နှစ်ထဲမှ ဈေးကွက်ထဲကိုရောက်မယ်၊ F1 ရဲ့အစဉ်အလာအတိုင်း Xiaomi ကို ပြောင်းလဲထုတ်ထုတ်ထားတာမဟုတ်ဘူးလို့ သတင်းထွက်ထားတာပါ။ ဒါကြောင့် အခု EEC မှာမြင်တွေ့ရတဲ့ ဟန်းဆက်ဟာ ဘာဖြစ်လာမလဲဆိုတာက ပိုပြီးစိတ်ဝင်စားစရာ ကောင်းနေပါတော့တယ်။

Ref: GSM Arena