Huawei ကနေ Google ရဲ့ Mobile Services တွေနဲ့ App တွေအသုံးပြုခွင့်ကို ပိတ်ပင်ခံလိုက်ရပြီး အခုအချိန်မှာ ကိုယ်ပိုင် Huawei Mobile Services (HMS) ကိုပဲ သူ့ရဲ့ စမတ်ဖုန်းတွေမှာ ထည့်သွင်းပေးနေတာဖြစ်ပါတယ်။

အဆိုပါ Huawei Mobile Services ထဲမှာ Application တွေကို Download ပြုလုပ်ဖို့အတွက် Google Play Store အစား AppGallery ဆိုပြီး ထည့်သွင်းထားပြီး Developer တွေကိုလည်း အဆိုပါ AppGallery မှာ Application တွေကို ထည့်သွင်းသွားဖို့ ရင်းနှီးမြုပ်နှံမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Huawei ကနေ သူတို့ရဲ့ AppGallery ဟာ လက်ရှိအချိန်မှာ Google နဲ့ Apple ပြီးရင် အသုံးပြုသူအများဆုံး App Store ဖြစ်တယ်ဆိုပြီး တရားဝင်ထုတ်ပြန်လိုက်ပါတယ်။ Huawei ရဲ့ ကြေညာချက်အရတော့ AppGallery ကို လစဥ်အသုံးပြုသူ သန်း ၄၀၀ ကျော်ရှိနေပြီဖြစ်သလို App အမျိုးအစားပေါင်း ၅၅,၀၀၀ ကျော်လောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

လောလောဆယ်မှာ Huawei Mobile Services ဟာ နိုင်ငံပေါင်း ၁၇၀ ကျော်မှာ အသုံးပြုနေပြီဖြစ်သလို Asia Pacific ၊ Middle East ၊ Africa ၊ Europe နဲ့ Latin America မှာရှိတဲ့ Developer တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ အသုံးပြုသူတွေအနေနဲ့ Download ပြုလုပ်စရာလိုအပ်ဘဲ စမ်းသပ်အသုံးပြုနိုင်တဲ့ “Quick App” Feature ကိုပါထုတ်ပေးသွားဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် Huawei ကနေ ရောင်းချနေတဲ့စမတ်ဖုန်းတွေလည်း အများအပြားရှိနေတဲ့အတွက် ဒီ AppGallery ဟာ မကြာခင်အချိန်အတွင်းမှာ Google Play Store နဲ့ Apple App Store တွေနဲ့ ကောင်းကောင်းယှဥ်ပြိုင်လာနိုင်တော့မှာဖြစ်ပါတယ်။

Ref – Gizmo China