Apple ဟာ စိတ်ဝင်စားစရာကောင်းတဲ့ စီမံကိန်း အသစ် ၁ ခုကို ဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ Facebook မိခင် ကုမ္ပဏီ Meta ဟာ Metaverse ကို ကြိုးစား ဖန်တီးနေပြီး Apple ကလည်း Meta ကို ယှဉ်ပြိုင်မယ့် ကိုယ်ပိုင် Metaverse ကို ပြုလုပ်ဖို့ ကြိုးနေတယ်လို့ထင်ရပါတယ်။
လက်ရှိမှာ Apple က AR/VR Headset ကြေညာတာကို လူအများစုက စောင့်နေကြပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ကုန်တွေ ကြေညာမယ်ဆိုတာ ကောလဟာလ သတင်းတွေပဲ ဖြစ်ပြီး ကုမ္ပဏီက ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။ အရင်ပေါက်ကြားသတင်းတွေအရ Apple ဟာ ၂၀၂၃ ခုနှစ်မှာ ကြေညာမယ်လို့ သိရပါတယ်။
အခုသတင်းအသစ် အရ Apple ဟာ 3D Mixed Reality ကမ္ဘာကို စတင် ဖန်တီးနေပြီဖြစ်ပြီး ဒီစီမံကိန်းအတွက် အရည်အချင်းမြင့်တဲ့ ဝန်ထမ်းတွေကို ငှားရမ်းနေတယ်လို့ သိရပါတယ်။ တစ်နည်းပြောရရင် Apple ဟာ Meta ကို ယှဉ်ပြိုင်မယ့် Metaverse ကို ဖန်တီးနေတာ ဖြစ်ပါတယ်။ Apple ရဲ့ Metaverse ဟာ Virtual Reality နဲ့ Augmented Reality ကို ပေါင်းစပ်ထားမှာပါ။
Google ကလည်း Mixed Reality Headset ကို ဖန်တီးနေတယ်လို့ သတင်းထွက်နေပါတယ်။ အဲဒီအတွက် အမေရိကန် နည်းပညာ ကုမ္ပဏီကြီး ၃ ခုဟာ Mixed Reality ကမ္ဘာကြီးထဲ ဝင်ရောက်ဖို့ ကြိုးစားနေကြတာပါ။
Ref : gizmochina