Apple ဟာ အခုနောက်ပိုင်းမှာ iPhone Pro Series နဲ့ သာမန် Series ကို ခွဲခြားမှုတွေ ပိုမိုပြုလုပ်လာပါတယ်။ မနှစ်တုန်းကလည်း iPhone 14 Pro Series ဖုန်းတွေမှာပဲ Dynamic Island ၊ 48MP Camera လိုမျိုး Feature အသစ်တွေ ရရှိခဲ့သလို Chipset ပိုင်းမှာပါ A16 Bionic Chip ကို အဆင့်မြှင့်တင်ပေးခဲ့တာဖြစ်ပါတယ်။ တစ်ဖက်မှာတော့ iPhone 14 Series ဟာ iPhone 13 Series မှာပဲ အသုံးပြုထားတဲ့ A15 Bionic Chip ကိုပဲ ဆက်လက်အသုံးပြုထားခဲ့ပါတယ်။

အခုလည်း Apple ဟာ iPhone 15 Series ဖုန်းတွေမှာပါ အလားတူခွဲခြားမှုတွေကို ဆက်လက်ပြုလုပ်သွားဦးမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် လောလောဆယ်ပေါက်ကြားလာတဲ့ iPhone 15 Series ရဲ့ Antenna Design နဲ့သက်ဆိုင်တဲ့စာရွက်စာတမ်းတွေအရ iPhone 15 Pro နဲ့ iPhone 15 Pro Max ဖုန်းတွေပဲ နောက်ဆုံးပေါ် Wi-Fi 6E ကို အသုံးပြုနိုင်မယ်လို့ သိရတာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် သာမန် iPhone 15 Series ဖုန်းတွေမှာ Wi-Fi 6 ကိုပဲ ထောက်ပံ့နိုင်မှာဖြစ်ပြီး ပိုမိုမြန်ဆန်တဲ့ Wi-Fi 6E ကို အသုံးပြုနိုင်မှာမဟုတ်ပါဘူး။ Apple ကနေ မကြာသေးခင်က မိတ်ဆက်ထားခဲ့တဲ့ M2 Chipset တွေအသုံးပြုထားတဲ့ Mac Mini ၊ MacBook Pro နဲ့ iPad Pro အသစ်တွေအကုန်လုံးနီးပါး Wi-Fi 6E ကိုထောက်ပံ့နိုင်တဲ့အတွက် အခုလိုမျိုး ချန်လှပ်ထားခဲ့တာက သာမန် iPhone 15 ဖုန်းတွေကို ဝယ်ယူလိုသူတွေအတွက် အားနည်းချက်တစ်ခုဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် တစ်ဖက်ကနေ ပြန်တွေးရင် အခုလိုမျိုး Wi-Fi 6E ကို အကောင်းဆုံးအသုံးပြုနိုင်ဖို့အတွက် Internet Router ကလည်း Wi-Fi 6E ကို အသုံးပြုနိုင်ဖို့လိုအပ်ပါတယ်။ လောလောဆယ်မှာ သာမန်အသုံးပြုသူတွေအပြင် ကုမ္ပဏီတွေတော်တော်များများက Wi-Fi 6E Router တွေကို ပြောင်းလဲအသုံးပြုနေခြင်းမရှိသေးတာကြောင့် ဒီ အားနည်းချက်က နေ့စဥ်အသုံးပြုတဲ့အချိန်မှာ သိသာမှာမဟုတ်ဘူးလို့ ယူဆနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် Apple က ယခင်တုန်းက အခုလိုမျိုး Wi-Fi Connectivity ကို ခွဲခြားခဲ့ခြင်းမရှိတာကြောင့် အခုကျမှ iPhone 15 Pro Series ဖုန်းတွေကိုပဲ ဦးစားပေးမယ်ဆိုတာက ထူးခြားနေပါတယ်။

Ref – Engadget