iPhone တွေ စုစုပေါင်း ဘယ်လောက်ရောင်းချခဲ့ပြီးပြီလဲဆိုတာကို သင်တွေးနေခဲ့ဖူးရင် အခုတော့ အဖြေကို Apple ကိုယ်တိုင်ဆီကနေ တိုက်ရိုက်သိရပါပြီ- ဒီနေ့အထိ အလုံးရေ ၃ ဘီလီယံကျော်သွားပါပြီ။
ကုမ္ပဏီရဲ့ဘဏ္ဍာရေးအစီရင်ခံစာရှင်းလင်းပွဲအတွင်းမှာ Apple ရဲ့ CEO ဖြစ်သူ တင်မ်ကွတ်က ထုတ်ဖော်ပြောကြားခဲ့တာပါ။ Apple ဟာ ၂၀၁၆ ခုနှစ်မှာ iPhone အလုံးရေ တစ်ဘီလီယံရောင်းချနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်လောက်မှာ အလုံးရေ နှစ်ဘီလီယံအထိရောက်ရှိခဲ့တယ်လို့ ယူဆရပေမယ့် အဲဒီအချက်ကိုတော့ တရားဝင်အတည်ပြုထားတာမရှိသေးပါဘူး။
အခုတော့ အဲဒီနောက်လေးနှစ်အကြာမှာ နောက်ထပ်အလုံးရေ တစ်ဘီလီယံ ထပ်မံရောင်းချနိုင်ခဲ့ပြန်ပါပြီ။ တင်မ်ကွတ်က ဒီနှစ်ရဲ့ဒုတိယသုံးလပတ် (ဧပြီလကနေ ဇွန်လ) မှာ iPhone ရောင်းအားဟာ ကိန်းဂဏန်းနှစ်လုံးအထိ တိုးတက်ခဲ့ပြီး Apple အနေနဲ့ ဝင်ငွေ ဒေါ်လာ ၉၄ ဘီလီယံရရှိခဲ့ကြောင်း၊ ဒါဟာ ပြီးခဲ့တဲ့နှစ်ရဲ့ ဒုတိယသုံးလပတ်ဝင်ငွေထက် ၁၀% တိုးတက်လာတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက Apple နဲ့ပတ်သက်တဲ့သတင်းတွေမှာ အမြဲတမ်းအတွင်းသိဖြစ်တဲ့ Bloomberg က မာ့ခ်ဂါမန်က ဒီသုံးလပတ်အတွင်း iPhone ရောင်းအားမြင့်တက်လာတာဟာ ထရန့်အစိုးရရဲ့ အခွန်ကောက်ခံမှုအသစ်တွေကြောင့် iPhone တွေရဲ့ဈေးနှုန်းက ဒေါ်လာ ၃,၀၀၀ ကနေ ၂၅,၀၀၀ အထိဖြစ်သွားနိုင်တယ်လို့ အင်တာနက်ပေါ်က “ဟောကိန်းထုတ်” ပြီး အကြောက်တရားသွင်းတဲ့ ပြောဆိုမှုတွေရဲ့အကျိုးဆက်အနေနဲ့ လူတွေက စိုးရိမ်ပြီး အလုအယက်ဝယ်ယူကြတာကြောင့် ဖြစ်နိုင်တယ်လို့ သွယ်ဝိုက်ပြောဆိုခဲ့ပါတယ်။
Apple က အခွန်အသစ်တွေကြောင့် ဒုတိယသုံးလပတ်မှာ ဒေါ်လာ သန်း ၈၀၀ ကုန်ကျခဲ့ပြီး တတိယသုံးလပတ် (ဇူလိုင်လကနေ စက်တင်ဘာလ) မှာ အဲဒီပမာဏက ဒေါ်လာ ၁.၁ ဘီလီယံအထိ တိုးလာမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။ စက်တင်ဘာလမှာတော့ ကုမ္ပဏီက iPhone 17 မိသားစုအသစ်ကို ထုတ်ဖော်ပြသမယ့်အချိန်ဖြစ်ပြီး အဲဒီထဲမှာ အလွန်ပါးလွှာတဲ့ iPhone 17 Air လည်း ပါဝင်မယ်လို့ သတင်းထွက်နေပါတယ်။ ဒါက အခုအချိန်ထိ စီးရီးထဲမှာ ရောင်းအားအနည်းဆုံးဖြစ်ခဲ့တဲ့ Plus မော်ဒယ်ရဲ့နေရာမှာ အစားထိုးမယ့် မော်ဒယ်ဖြစ်ပါတယ်။ ကြေညာချက်ကိုတော့ စက်တင်ဘာလ ၈၊ ၉၊ ဒါမှမဟုတ် ၁၀ ရက်နေ့တွေမှာ ပြုလုပ်မယ်လို့ မျှော်လင့်ရပါတယ်။
Ref: gsmarena