ကိုရိုနာဗိုင်းရက်စ်ကြောင့် ကုန်ထုတ်လုပ်မှုတွေ နှောင့်နှေးလာတဲ့အတွက် Apple က iPhone တွေကို ထိန်းချုပ်ရောင်းချမယ့် စည်းမျဉ်းအသစ်ကို ကျင့်သုံးလိုက်ပြီး တစ်ကြိမ်မှာ iPhone ၂ လုံးပဲ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Apple ဟာ ၂၀၀၇ ခုနှစ်ကတည်းက iPhone စတင် ရောင်းချပေးခဲ့တာ ဖြစ်ပြီး အခုလို ကန့်သတ်ရောင်းချတာ Apple ရဲ့ သမိုင်းမှာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

အမေရိကန်၊ ဥရောပနဲ့ တရုတ်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်ကာပူ အပါအဝင် အာရှနိုင်ငံတွေမှာ ဒီလို ကန့်သတ်ရောင်းချပေးနေပါတယ်။ Apple ဟာ တရုတ် ပြင်ပက မြေပြင် စတိုးတွေကို ပိတ်ထားပါသေးတယ်။ Apple ဟာ မိတ်ဖက် ကုမ္ပဏီတွေရဲ့ စက်ရုံတွေ ပိတ်ခဲ့ပြီးနောက်မှာ ကုန်ထုတ်လုပ်မှု ပုံမှန် ပြန်ဖြစ်အောင် ကြိုးစားနေပါတယ်။

Apple ဟာ ကုန်ထုတ်လုပ်မှုတွေ ထိခိုက်နေတာကြောင့် iPhone အစိတ်အပိုင်း ပစ္စည်းပြတ်မယ်လို့ ဝန်ထမ်းတွေကို ဒီလ အစောပိုင်းမှာ အသိပေးခဲ့ပါတယ်။ ဒါ့အပြင် Apple ရဲ့ မိတ်ဖက် ကုမ္ပဏီတွေဟာ ကုန်ထုတ်လုပ်မှု အချိန်မမှီတဲ့ ပြဿနာတွေ ရှိနေတဲ့အတွက် မြင်ကွင်းကျယ် ကင်မရာတွေ ထုတ်လုပ်ပေးမယ့် ကုမ္ပဏီ အသစ်တွေကို Apple  ရှာဖွေနေတယ်လို့ သတင်းထွက်နေပါတယ်။ ဒါပေမယ့် Apple ဟာ iPhone ထုတ်လုပ်မှု ပုံမှန်ပြန်ရအောင် ထိန်းချုပ်နိုင်ပြီလို့ မကြာခင်က သတင်းကောင်း ထွက်လာပါတယ်။

Ref : gsmarena