ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19 စတင်ပျံ့နှံ့သွားချိန်နောက်ပိုင်းကတည်းက Apple ဟာ သူ့ရဲ့ထုတ်ကုန်တွေ အချိန်မီထွက်ရှိရေးအတွက် အမြဲလိုလိုရုန်းကန်ခဲ့ရတာပါ။ အခုလည်း iPhone 14 ကို မူလစီစဉ်ထားတဲ့အချိန်အတိုင်း ထွက်ရှိလာရေး အခက်အခဲအချို့နဲ့ ကြုံတွေ့လာရပြန်ပြီ ဖြစ်ပါတယ်။

Nikkei Asia ကဖော်ပြထားတဲ့ သတင်းအရ တရုတ်နိုင်ငံက Apple supplier တွေဟာ နိုင်ငံတစ်ဝန်းပျံ့နှံ့နေတဲ့ ကပ်ရောဂါကြောင့် Lockdown ချထားခြင်းနဲ့အတူ iPhone 14 series မော်ဒယ်တစ်ခုရဲ့ Development ပိုင်းမှာ နောက်ကျကျန်နေခဲ့တယ်လို့ သိရပါတယ်။ ဘယ်မော်ဒယ်လဲလို့တော့ အတိအကျဖော်ပြထားခြင်း မရှိပါဘူး။

ဒီကိစ္စနဲ့နီးစပ်တဲ့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေကနေ ထွက်ပေါ်လာတဲ့အချက်အလက်တွေပေါ်အခြေခံပြီး ထုတ်လုပ်မှုအချိန်ဇယားအတိုင်း ဆက်လက်ရပ်တည်နိုင်ဖို့အတွက် အစိတ်အပိုင်းတွေ Develop ဖြစ်စေဖို့ အရှိန်မြှင့်ပေးဖို့လိုကြောင်း Apple က သူ့ရဲ့ Suppliers တွေကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

Foxconn, Pegatron နဲ့ Luxshare Precision Industry တို့ဟာ လာမဲ့ iPhone မော်ဒယ်တွေအတွက် အဓိကပေးသွင်းသူသုံးဦးဖြစ်ကြပြီး ရှန်ဟိုင်းမှာ စက်ရုံတွေပြန်လည်ဖွင့်လှစ်မှုနှေးကွေးနေတဲ့နောက်ပိုင်း ကုမ္ပဏီ နှစ်ခုဟာ အချိန်မီပေးသွင်းနိုင်ဖို့ ရုန်းကန်နေရကြောင်း သိရပါတယ်။

အရင် iPhone development အချိန်ဇယားတွေပေါ်အခြေခံရင် iPhone သစ်တွေအားလုံးဟာ ဇွန်လမှာ Engineering verification test (EVT) phase ကို ရောက်ရှိရမှာဖြစ်ပါတယ်။ ဒါပေမဲ့ iPhone 14 စီးရီးရဲ့ မော်ဒယ်တစ်ခုကတော့ သတ်မှတ်ချိန်ထက် သုံးပတ်နောက်ကျမှာဖြစ်တယ်လို့ အစီရင်ခံစာတစ်ခုက ဖော်ပြထားပါတယ်။

Apple ဟာ iPhone 14 စီးရီးတွေကို စက်တင်ဘာလမှာ အလုံးအရင်းလိုက် ထုတ်လုပ်ဖို့ ရည်ရွယ်ထားပေမဲ့ အခုတော့ ဘယ်လိုဖြစ်လာမလဲ မသိရသေးပါဘူး။ ခန့်မှန်းချက်တွေအရ တရုတ်နိုင်ငံတွင်း Lockdowns တွေကြောင့် လာမဲ့ iPhone မော်ဒယ်တွေထုတ်လုပ်မှုကို ရပ်တန့်သွားစေခြင်းဟာ Apple ရဲ့ ဝင်ငွေ ဒေါ်လာ ၈ ဘီလီယံအထိ ဆုံးရှုံးသွားစေနိုင်တယ်လို့ သိရပါတယ်။

Ref: GSM Arena