Apple ဟာ နောက်မျိုးဆက် iPhone တွေကို ကြေညာဖို့ လများစွာ လိုသေးပေမယ့် အဲဒီ ဖုန်းတွေရဲ့ ဓါတ်ပုံနဲ့ သတင်းအချက်အလက်တွေ စတင် ထွက်ပေါ်လာနေပါပြီ။ အခုလည်း iPhone 14 Pro နဲ့ iPhone 14 Pro Max ရဲ့ ဒီဇိုင်းပုံတွေ ပေါက်ကြားလာပြီး ဒီဇိုင်းကို အသေးစိတ် လေ့လာလို့ရလာသလို လက်ရှိ ဖုန်းတွေနဲ့ ကွဲပြားမှုတွေကိုပါ သိလာရပါတယ်။

Apple iPhone 14 Pro Schematics

နာမည်ကြီး Tipster Max Weinbach က iPhone 14 Pro မော်ဒယ်တွေရဲ့ ဒီဇိုင်းပုံကို မျှဝေလိုက်တာ ဖြစ်ပြီး iPhone 14 Pro ရဲ့ အရွယ်အစား အပြည့်အစုံမှာ 147.46 x 71.45 x 7.85mm ဖြစ်ကာ အရင်မျိုးဆက်ထက် ပိုရှည်၊ ပိုထူ လာပါတယ်။

Apple iPhone 14 Pro Max Schematics

iPhone 14 Pro Max ကတော့ အရင် မျိုးဆက်ထက် ပိုတို၊ ပိုပါးလွှာလာပေမယ့် မျက်လုံးနဲ့ကြည့်ရင် သိသာမှာ မဟုတ်ပါဘူး။ အမြင့်က 160.8mm ကနေ 160.7mm အထိ လျော့ကျသွားပြီး အကျယ်က 78.1mm ကနေ 77.58mm ဖြစ်သွားပါတယ်။

iPhone 14 Pro Series တွေရဲ့ ကင်မရာ Bump က 12.02mm ဖြစ်တဲ့အတွက် လက်ရှိ မျိုးဆက်ရဲ့ 11.45mm ထက် ပိုကြီးလာပြီး ကင်မရာ Module အရွယ်အစားလည်း ပိုကြီးလာမှာပါ။

ပေါက်ကြားသတင်းတွေအရ iPhone 14 မော်ဒယ်တွေမှာ Notch ပါလာမှာ ဖြစ်ပြီး Pro မော်ဒယ်တွေမှာ အရှေ့ ကင်မရာနဲ့ Face ID Sensor တွေအတွက် ဆေးတောင့်ပုံ Cutout ထည့်သွင်းထားမှာ ဖြစ်ပါတယ်။

iPhone 14 နဲ့ 14 Max မှာ Apple A15 Bionic Chipset ၊ 14 Pro နဲ့ 14 Pro Max မှာ A16 Bionic Chipset ထည့်သွင်းထားမယ်လို့ သတင်းထွက်နေပါတယ်။ လာမယ့် လတွေအတွင်း အဲဒီ ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ထွက်လာနိုင်ပါတယ်။

ref : gizmochina