လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်တုန်းက Apple ဟာ Foldable iPhone ထုတ်လုပ်လာနိုင်တယ်ဆိုပြီး မူပိုင်ခွင့်တင်ထားတဲ့ ရုပ်ပုံနဲ့အတူ သတင်းထွက်လာဖူးပါတယ်။ ဒီနောက်ပိုင်း Samsung နဲ့ Huawei အပြင် Motorola တို့ကပဲ Foldable ဈေးကွက်ထဲမှာ အပြေးပြိုင်နေကြတာကို မြင်တွေ့ကြရတာ ဖြစ်ပါတယ်။

စစ်စစ်ပေါက်ပေါက် ပြောရမယ်ဆိုရင်တော့ ၂၀၁၇ လောက်ကတည်းက Apple ဟာ Foldable iPhone ထုတ်လုပ်ဖို့ ကြိုးစားနေတယ်ဆိုပြီး ကောလာဟလထွက်ထားတာပါ။ နှစ်အတော်ကြာ ကောလာဟလကြားမှာပဲမျောနေတဲ့ Apple ရဲ့ Foldable iPhone ကိစ္စဟာ ထင်ရှားကျော်ကြားတဲ့ Leakster Ice Universe ကြောင့် တစ်ခါပြန်ပြီး သက်ဝင်လာပြီလို့ ဆိုရပါလိမ့်မယ်။

Apple ဟာ သူတို့ရဲ့ Foldable ဖုန်းအတွက် မျက်နှာပြင်ကိစ္စကို Samsung Display နဲ့ ပြောဆိုနေကြပြီး၊ တစ်နှစ်စာထောက်ပံ့ပေးဖို့ ညှိနှိုင်းဖွယ်ရှိတယ်လို့ Ice Universe က ပြောလိုက်တာ ဖြစ်ပါတယ်။ သတင်းဟောင်းတွေကို ပြန်ရှာကြည့်မယ်ဆိုရင်လည်း Apple ဟာ ပြီးခဲ့တဲ့နှစ် အစောပိုင်းကတည်းက Folding touchscreen device အတွက် ရှေ့ပြေးပုံစံတွေ လုပ်ဆောင်ပြီးတာကို တွေ့ရပါလိမ့်မယ်။

ဒါပေမယ့် Apple ရဲ့ ကြိုးပမ်းမှုဟာ ဖွံ့ဖြိုးဆဲအဆင့်မှာပဲ ရှိနေသေးတာဖြစ်ပြီး ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ ဒီဇိုင်းကိုတောင် အခြေတကျမဆုံးဖြတ်ရသေးတဲ့ အခြေအနေ ဖြစ်ပါတယ်။ ထွက်ပေါ်ခဲ့သမျှ မူပိုင်ခွင့်ပုံတွေကို ကြည့်မယ်ဆိုရင်တော့ Apple ရဲ့ Foldable ဟာ ပတ္တာနှစ်ခုနဲ့ Surface Duo လိုမျိုး မျက်နှာပြင်နှစ်ခုပုံစံမျိုးလည်း တွေ့ရမှာဖြစ်သလို၊ Motorola ပုံစံ ခါးလည်ခေါက်ချိုးဒီဇိုင်းကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ကောလဟလသတင်းတွေဟာ ပါးစပ်ဖျားမှာတင် ပြီးဆုံးသွားလေ့ရှိတယ်ဆိုပေမယ့် ဒီသတင်းတွေကို မျှဝေနေသူတွေဟာ ရာနှုန်းပြည့်နီးပါးယုံကြည်ရတဲ့ Leakster တွေဖြစ်နေတာကြောင့် စိတ်ဝင်တစား စောင့်ကြည့်ရမယ်လို့ ဆိုရမှာဖြစ်ပါတယ်။

Ref: GSM Arena