Apple ကနေ အခုအချိန်မှာ ကိုယ်ပိုင် ARM-based M1 Chipset ကို အသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro 13-inch တွေကို စတင်ရောင်းချနေပြီဖြစ်ပါတယ်။ အဆိုပါ MacBook အသစ်တွေဟာ စွမ်းဆောင်ရည်ပိုင်းမှာ တခြားသော Intel Processor အသုံးပြုထားတဲ့ MacBook တွေထက် သိသိသာသာကို ပိုကောင်းမွန်နေတာလည်းဖြစ်ပါတယ်။

ဒါပေမယ့်လည်း Apple Silicon M1 Chipset ဟာ အခုမှ Processor အသစ်ဖြစ်တဲ့အတွက် တချို့သော Software တွေကတော့ Optimized ပြုလုပ်နိုင်ခြင်းမရှိပါဘူး။ အဲ့ဒီ Software တွေထဲမှာ Windows OS ကို MacBook ပေါ်မှာ အသုံးပြုနိုင်မယ့် Bootcamp လိုမျိုး Software တွေလည်း ပါဝင်နေပါတယ်။

ဒါကြောင့် လောလောဆယ်မှာ Apple M1 Chipset ကို အသုံးပြုထားတဲ့ MacBook အသစ်တွေမှာ Windows 10 OS ကို တင်သုံးလို့မရသေးဘူးလို့ အစောပိုင်းတုန်းက သတ်မှတ်ထားကြတာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Alexander Graf အမည်ရတဲ့ Developer တစ်ဦးကနေ M1 Chipset နဲ့ MacBook ပေါ်မှာ Windows 10 ကို အောင်မြင်စွာအသုံးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။

Alexander ဟာ အခုလိုမျိုး Windows 10 ကို အသုံးပြုနိုင်ဖို့အတွက် Modified ပြုလုပ်ထားတဲ့ Open-source Virtualization and Machine Emulation Software တစ်ခုဖြစ်တဲ့ QEMU ကို အသုံးပြုခဲ့တာဖြစ်ပါတယ်။ Windows 10 OS ကို အသုံးပြုတယ်ဆိုပေမယ့် ARM-based Processor တွေအတွက် ထုတ်ပေးထားတဲ့ Insider Preview Version ကို အသုံးပြုခဲ့တာဖြစ်ပြီး ယခု Virtualization Process အတွက် Apple ရဲ့ Hypervisor Framework ကိုလည်း အသုံးချခဲ့ရတယ်လို့ သိရပါတယ်။

အခုလိုမျိုး Apple M1 Chipset တွေပေါ်မှာ Windows 10 ကိုအသုံးပြုနိုင်ပြီဆိုပေမယ့်လည်း တခြားသော Intel MacBook တွေမှာလိုမျိုး Bootcamp က တစ်ဆင့်အလွယ်တကူအသုံးပြုနိုင်တာမျိုးမဟုတ်တဲ့အတွက် ပုံမှန်သုံးစွဲသူတွေအတွက်ကတော့ အဆင်ပြေဦးမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အခုလိုမျိုး နည်းလမ်းထွက်ပေါ်လာပြီဖြစ်တဲ့အတွက် မကြာခင်မှာ M1 Chipset အသုံးပြုထားတဲ့ MacBook တွေအတွက်လည်း Bootcamp Update ပြုလုပ်ပေးသွားနိုင်ပါတယ်။

Ref – Gizmo China