Apple ဟာ ပြီးခဲ့တဲ့လပိုင်းတုန်းက ကိုယ်ပိုင် Apple Silicon M1 Chip ကို အသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro 13-inch တွေကို မိတ်ဆက်သွားခဲ့ပါတယ်။ ဒါဟာ Apple က WWDC Event မှာပြောကြားခဲ့သလိုမျိူး Mac ကွန်ပျူတာတွေအကုန်လုံးအတွက် Intel Processor အစား ကိုယ်ပိုင် Apple Silicon ကို စတင်ပြောင်းလဲလိုက်တာလည်း ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ အဆိုပါ M1 Chip ကို အသုံးပြုထားတဲ့ MacBook Air နဲ့ MacBook Pro 13-inch တွေဟာ Performance ပိုင်းနဲ့ Battery Life ပိုင်းမှာ ယခင် Intel Processor ကို အသုံးပြုထားတဲ့ Version တွေထက် သိသိသာသာကို ပိုကောင်းနေတာဖြစ်ပါတယ်။ ဒါကလည်း Apple M1 Chip ဟာ လက်ရှိ ကွန်ပျူတာတွေထဲမှာ ပထမဆုံးအနေနဲ့ 5nm Architecture ကို အခြေခံပြီး ထုတ်လုပ်ထားတာကြောင့်ဖြစ်နိုင်ပါတယ်။

Apple ကနေ ဒီ M1 Chip ကို မိတ်ဆက်ထားတာ အချိန်မကြာသေးပေမယ့် လက်ရှိနောက်ဆုံးထွက်ရှိထားတဲ့သတင်းအရ ပိုကောင်းတဲ့ M2 Chip ကို မကြာခင်မိတ်ဆက်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ M2 Chip ဟာ 5nm Architecture ကိုပဲ ဆက်လက်အခြေခံထားမှာဖြစ်ပြီး High-end Version MacBook Pro 13-inch နဲ့ MacBook Pro 16-inch Version တွေမှာ အသုံးပြုလာမှာဖြစ်ပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ အတိအကျမသိရသေးပေမယ့် လာမယ့် ၂၀၂၁ အစောပိုင်းဖြစ်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ကနေ လာမယ့်နှစ်မှာ လုံးဝ Design အသစ်ပြောင်းလဲထားတဲ့ MacBook Pro Model ၂ မျိုးကို မိတ်ဆက်သွားဖို့ရှိနေတယ်လို့လည်း သိရပါတယ်။ Mini-LED Display ကို အသုံးပြုထားတဲ့ MacBook Pro နဲ့ Design ပြောင်းလဲထားတဲ့ MacBook Air ကိုတော့ လာမယ့် ၂၀၂၂ ခုနှစ်မှပဲ မိတ်ဆက်သွားဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

နောက်ထပ်လည်း Apple ကနေ MacBook တွေအတွက် အရွယ်အစားပိုသေးငယ်တဲ့ GaN Charger တွေကိုလည်း ထုတ်သွားဖို့စီစဥ်နေတယ်လို့ သိရပြီး လာမယ့်နှစ်မှာ မိတ်ဆက်လာမယ့် MacBook Pro အသစ်တွေနဲ့အတူ ပါဝင်လာနိုင်ပါတယ်။

Ref – Gizmo China