Apple ဟာ Steve Jobs ကို ဂုဏ်ပြုတဲ့အနေနဲ့ 5G Apple Glass တစ်ခုကို ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတစ်ခု ထွက်လာပါတယ်။ ဒီမျက်မှန်ရဲ့ ဒီဇိုင်းက Jobs အမြဲတမ်း တပ်ဆင်လေ့ရှိတဲ့ အဝိုင်းပုံစံပါ။ ဒီပုံစံကတော့ ၁၉၆၀ ပြည့်နှစ်အစောပိုင်းမှာ “Granny Glass” လို့ ခေါ်ဝေါ်ခဲ့ကြဖူးပါတယ်။

၁၉၆၇ နှောင်းပိုင်းမှာတော့ Beatle က ဝတ်ဆင်ခဲ့ပြီး “Lennon Glass” ဆိုတဲ့နာမည်လည်း တွင်ခဲ့ပါတယ်။ ၁၉၉၈ နောက်ပိုင်းမှာတော့ Steve Jobs တပ်ဆင်လေ့ရှိပြီး အနားကွပ်ဘောင်မပါဝင်တဲ့ ဒီမျက်မှန်ဒီဇိုင်းကိုလည်း “Steve Jobs Glass” လို့ လူသိများခဲ့ပါတယ်။ အခုတော့ Apple က AR စွမ်းအင်သုံး Apple Glass ကို “Steve Jobs Heritage Edition” ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ သတင်းထွက်လာတာပါ။

ဒီသတင်းပေါက်ကြားထွက်ပေါ်လာတာက Tipsetr တစ်ဦးဖြစ်တဲ့ Jon Prosser ဆီကနေဖြစ်သလို AppleInsider ကလည်း ကိုးကားဖော်ပြခဲ့ပါသေးတယ်။ ဒီလအစောပိုင်းတုန်းကတော့ Apple Glass အနေနဲ့ ပုံမှန်သမားရိုးကျ မျက်မှန်နဲ့အတူ ညာဘက် နားထင်မှာ LiDar scanner တပ်ဆင်ထားမယ်လို့ သတင်းထွက်ခဲ့ဖူးပါသေးတယ်။

ဒီမျက်မှန်မှာ ကင်မရာအပိုတွေ ပါလာမှာမဟုတ်ဘူးလို့လည်း Prosser က ဆိုထားပါသေးတယ်။ ဒါဟာ လုံခြုံရေးပိုင်းဆိုင်ရာအတွက် Apple ရဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ တနည်းအားဖြင့် Google Glass ရဲ့ ဖြစ်ရပ်ကို သင်ခန်းစာယူပြီး ရှောင်ရှားလိုတာလည်း ဖြစ်နိုင်ပါတယ်။

Apple Glass ကို 5G ထောက်ပံ့ပေးထားပြီး ၄၉၉ ဒေါ်လာ (၇ သိန်းဝန်းကျင်) နဲ့ စတင်ရောင်းချမယ်လို့ Prosser ကပြောပေမယ့် “Steve Jobs Heritage Edition” အနေနဲ့ ဈေးပိုကြီးနိုင်ဖွယ်ရှိနေပါတယ်။ ဒါပေမယ့်လည်း Prosser အနေနဲ့ ဒီပေါက်ကြားသတင်းနဲ့ပတ်သက်ပြီး လုံလောက်တဲ့ သက်သေကို ခိုင်ခိုင်မာမာမပြသနိုင်ခြင်းက သတင်းတန်ဖိုးကို လျော့ကျစေတာပဲ ဖြစ်ပါတယ်။

Ref: Phone Arena