Apple ဟာ ပြီးခဲ့တဲ့ လအနည်းငယ်အကြာက ရုရှား ဈေးကွက်ကို စွန့်ခွာခဲ့ပြီး အဲဒီမှာ လုပ်ငန်းတွေ ပြန်လည်စတင်မယ့် အစီအစဉ်တွေ မရှိသေးပါဘူး။ အခုတော့ Facebook လို လူသုံးများတဲ့ ရုရှားရဲ့ VKontakte အပါအဝင် ရုရှား App တချို့ကို Apple က တနင်္လာနေ့မှာ App Store ကနေ ဖယ်ရှားလိုက်ပါတယ်။
VKontakte အပြင် Apple က တူညီတဲ့ Developer ရဲ့ တခြား App တွေ ဖြစ်တဲ့ Mail.ru, VK Music နဲ့ Youla တို့ကိုလည်း App Store ကနေ ဖယ်ရှားလိုက်ပါတယ်။ အဲဒီ App တွေကို Download လုပ်ထားတဲ့ User တွေဟာ ကန့်သတ်ချက် မရှိဘဲ ဆက်လက် အသုံးပြုလို့ရမှာ ဖြစ်ပေမယ့် Notification နဲ့ Payment တွေကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ VKontakte ကိုတော့ ဒတ်စတော့နဲ့ မိုဘိုင်း ဘရောက်စာတွေကနေ ဆက်လက် အသုံးပြုလို့ရပါတယ်။
Apple က အခုလို Ban ရတဲ့ အကြောင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ယူကရိန်း ဒေသ တချို့မှာ ပြုလုပ်တဲ့ လူထုဆန္ဒခံယူပွဲနဲ့ ပတ်သက်နေတယ်လို့ သိရပါတယ်။ ဗြိတိန် အစိုးရကလည်း အဲဒီ ဆန္ဒခံယူပွဲကို တုန့်ပြန်ခဲ့ပြီး ရုရှား ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ အရာရှိတွေကို စီးပွားရေး ပိတ်ဆို့မှု အသစ်တွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအထဲက အရာရှိ တချို့ဟာ VK က ဖြစ်ပြီး Apple ကလည်း နိုင်ငံတကာ ဥပဒေတွေနဲ့ အညီ VKontakte , Mail.ru နဲ့ VK Music တို့ကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။
Ref : gsmarena