Apple ဟာ ကိုယ်ပိုင် Metaverse တစ်ခုကို ဖန်တီးနိုင်ဖို့အတွက် Augmented Reality (AR) နဲ့ Virtual Reality (VR) Headset ကို မိတ်ဆက်ဖို့စီစဥ်နေတာဖြစ်ပါတယ်။ အခု DigiTimes ကနေ ဖော်ပြလိုက်တဲ့သတင်းအရတော့ Apple ရဲ့ AR/VR Headset ကို မြင်ရဖို့ နီးစပ်နေပါပြီ။

ဘာကြောင့်လဲဆိုရင် Apple ဟာ အဆိုပါ AR/VR Headset ကို ထုတ်လုပ်ဖို့အတွက် စမ်းသပ်မှုတွေအားလုံးကို ပြုလုပ်ပြီးစီးသွားပြီဖြစ်တာကြောင့်ပဲ ဖြစ်ပါတယ်။ အဲ့ဒီအတွက် Apple အနေနဲ့ အမြောက်အမြားထုတ်လုပ်မှုကို စတင်နိုင်ပြီဆိုပေမယ့် ဘယ်အချိန်မှာ စတင်ပြီး ထုတ်လုပ်သွားမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။

အဆိုပါ Headset ရဲ့ Component Suppliers တွေဆီကနေ သိရှိရတဲ့သတင်းတွေအရတော့ ယခု စမ်းသပ်ထုတ်လုပ်ထားတဲ့ Prototype Device တွေဟာ Apple က သတ်မှတ်ထားတဲ့ Second-phase Engineering Validation Test (EVT 2) ကို အောင်မြင်စွာ ဖြတ်သန်းနိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ Apple ဟာ AR/VR Headset ကို ယခုနှစ်ကုန်ပိုင်းမှာ တရားဝင်မိတ်ဆက်နိုင်ဖို့ စီစဥ်ထားတာဖြစ်ပါတယ်။

AR/VR Headset အတွက် Software ဖြစ်တဲ့ realityOS ကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ထဲက စတင်ဆောင်ရွက်နေတာလို့သိရပြီး အဆိုပါ OS နဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုလည်း App Store Upload Log တွေနဲ့ Apple Open Source Code တွေမှာ မကြာခဏတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

Apple AR/VR Headset ဟာ လက်ရှိသိထားတဲ့သတင်းတွေအရ Lightweight Design အပြင် 4K Micro-LED Display ၂ ခု ၊ Optical Module ၁၅ ခု ၊ Main Processor ၂ ခု ၊ Wi-Fi 6E ၊ Eye Tracking ၊ See Through AR Mode ၊ Object Tracking ၊ Hand Gesture Control တွေပါဝင်မှာဖြစ်ပါတယ်။ စျေးနှုန်းကိုတော့ အသေးစိတ်မသိရှိရသေးပေမယ့် ဒေါ်လာ ၃,၀၀၀ (မြန်မာငွေ သိန်း ၆၀) အထက်ဖြစ်လာနိုင်ပါတယ်။

Ref – Mac Rumors