၂၀၁၉ ခုနှစ်ကစခဲ့တဲ့ COVID-19 ဟာ ကမ္ဘာ့လူသားတွေကို ဒုက္ခပေးခဲ့တာ တစ်နှစ်ကျော် ရှိလာပါပြီ။ ဆေးပညာရှင်တွေက ဒီရောဂါကိုတိုက်ထုတ်ဖို့၊ လူသားတွေရဲ့ ကျန်းမာရေး၊ ရှင်သန်ရေးနဲ့ လွတ်လပ်မှုကိုကာကွယ်ဖို့အတွက် အစွမ်းကုန်ကြိုးစားနေကြသလို၊ နည်းပညာလောကကလည်း တတ်စွမ်းတဲ့ဘက်ကနေ ပါဝင်နေတယ်လို့ ဆိုရပါလိမ့်မယ်။

CBS News ရဲ့ ဖော်ပြချက်အရ Apple Watch အပါအဝင် Fitbit နဲ့ Garmin ကထုတ်တဲ့ စမတ်နာရီလို ထုတ်ကုန်တွေဟာ ရောဂါလက္ခဏာမပြခင်နဲ့၊ Swab test မလုပ်ခင်မှာပဲ ကိုရိုနာဗိုင်းရပ်ရှိ၊ မရှိကို ပြသနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။ ဒါဟာ စမတ်နာရီတွေက စောင့်ကြည့်ထောက်လှမ်းနေတဲ့ နှလုံးခုန်နှုန်းကို အခြေခံပြီး တွက်ချက်သိရှိနိုင်တာလို့ ဆိုပါတယ်။

စမတ်နာရီတွေဟာ COVID-19 စစ်ဆေးခြင်းမှာ ဘယ်လိုအရေးပါတယ်ဆိုတဲ့အကြောင်းကို တရားဝင်ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ နယူးယောက်က Mount Sinai Health System နဲ့ ကယ်လီဖိုးနီးယားက Stanford University ရေးသားတဲ့အစီရင်ခံစာမှာ တွေ့မြင်ဖတ်ရှုနိုင်ပါတယ်။ စမတ်နာရီဟာ အသုံးပြုရလွယ်ကူတာကြောင့် ရောဂါရှိ၊ မရှိစောင့်ကြည့်စစ်ဆေးရာမှာ ပိုပြီးထိရောက်တဲ့အားအင်တစ်ခု ဖြစ်စေတယ်လို့ ဆိုရမှာပါ။

Mount Sinai က သုတေသီတွေကတော့ Apple Watch ဟာ လူတစ်ယောက်ရဲ့ နှလုံးခုန်နှုန်းမှာ သိမ်မွေ့တဲ့အပြောင်းအလဲတွေကို တွေ့ရှိတိုင်တယ်လို့ ဆိုပါတယ်။ အကယ်၍ လူတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်ရှိနေတယ်ဆိုရင် နေမကောင်းမဖြစ်ခင်၊ ဒါမှမဟုတ် ပုံမှန်စစ်ဆေးမှုရလဒ်မှာ Positive မပြခင် နှလုံးခုန်နှုန်းက ကြိုတင်ပြသလေ့ရှိတယ်လို့ ဆိုပါတယ်။

သုတေသီတွေဟာ နှလုံးခုန်ခြင်း တစ်ခုနဲ့တစ်ခုကြားက ခုန်နှုန်းပြောင်းလဲမှု (heart rate variability) ကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါဟာ လူတစ်ယောက်ရဲ့ ကိုယ်ခံအားစနစ် ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို တိုင်းတာနိုင်ပါတယ်။ နယူးယောက်စီးတီးက Mount Sinai ရဲ့ Icahn School of Medicine လက်ထောက်ပါမောက္ခ Rob Hirten က “ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းလာတာနဲ့အမျှ နှလုံးခုန်နှုန်းပြောင်းလဲမှုအမှတ်အသားတွေလည်း ပြောင်းလဲသွားကြောင်း” ပြောဆိုခဲ့ပါတယ်။

ဒီလို ပြောင်းလဲမှုက အဲဒီလူရဲ့ ကိုယ်ခန္ဓာထဲကို ရောဂါပိုး ဝင်ရောက်ကူးစက်ခံရတော့မယ်ဆိုတာကို ရောဂါလက္ခဏာမပြခင်နဲ့၊ ပုံမှန်စစ်ဆေးမှုမပြုခင်မှာပဲ ကြိုတင်ခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။ COVID-19 ကူးစက်ခံထားရသူဟာ နှေးတဲ့နှလုံးခုန်နှုန်းပြောင်းလဲခြင်းကို တွေ့ရှိရပါတယ်။ ကူးစက်ခံရခြင်းမရှိသူကတော့ နှလုံးခုန်ခြင်းတစ်ခုနဲ့တစ်ခုကြား ကြီးတဲ့ပြောင်းလဲမှုရှိတယ်လို့ ဆိုပါတယ်။

တစ်နည်းအားဖြင့် နှလုံးခုန်မြန်တာဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် မကောင်းဘူးလို့ဆိုနိုင်ပေမယ့်၊ ခုန်နှုန်းပြောင်းလဲမှု (heart rate variability) မြင့်မားတာကတော့ ကောင်းမွန်တဲ့လက္ခဏာ ဖြစ်နိုင်တယ်လို့ ဆိုရပါလိမ့်မယ်။ ဒီပြောင်းလဲမှုကို စမတ်နာရီတွေကတစ်ဆင့် သိရှိနိုင်တာကြောင့်၊ ကိုရိုနာဗိုင်းရပ် ကူးစက်ခံရခြင်းရှိ၊ မရှိကို ရောဂါလက္ခဏာမပြခင်ကတည်းက ခန့်မှန်းသိရှိနိုင်တာလို့ ဆိုပါတယ်။

Stanford University ကပြုလုပ်တဲ့ သုတေသနအရလည်း၊ ကိုရိုနာဗိုင်းရပ်ရောဂါပိုး ကူးစက်ခံရသူတွေရဲ့ ၈၁% ဟာ ရောဂါလက္ခဏာမပြသခင် ကိုးရက်ခွဲကတည်းက နှလုံးခုန်နှုန်းပြောင်းလဲမှု (heart rate variability) ဖြစ်ပေါ်လေ့ရှိကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သုတေသီတွေဟာ ရောဂါလက္ခဏာမပြခင် ၄ ရက်က၊ ၇ ရက်အတွင်း စမတ်နာရီကတစ်ဆင့် ဖော်ထုတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ဟာ စုစုပေါင်း လူဦးရေ ၅ ထောင်ကို စမ်းသပ်ခဲ့တာဖြစ်ပြီး ဒီအထဲမှာ Positive ဖြစ်သူက ၃၂ ဦး ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရခြင်းရှိ၊ မရှိ စမတ်နာရီကိုအသုံးပြုပြီး ဖြေရှင်းဖို့အတွက် အားနည်းချက်တွေတော့ ရှိနေပါသေးတယ်။ ဒါပေမယ့်လည်း ပုံမှန်စစ်ဆေးမှုဆိုတာဟာ 24/7 ပြုလုပ်လို့မရနိုင်ဘဲ၊ စမတ်နာရီကတစ်ဆင့် နှလုံးခုန်မှုပြောင်းလဲခြင်းကို အစဉ်အမြဲစောင့်ကြည့်နိုင်တာကြောင့်၊ ဒီနည်းလမ်းဟာ ကပ်ရောဂါဆိုးကြီးကို တွန်းလှန်ရင်ဆိုင်ရာမှာ ကြီးမားတဲ့အထောက်အကူတစ်ခု ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။

Ref: PhoneArena