အမေရိကန် နည်းပညာ ကုမ္ပဏီကြီး Apple ဟာ ထူးခြားဆန်းသစ်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်ရောင်းချနေတဲ့ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ၁ ခု ဖြစ်ပါတယ်။ Apple က ထုတ်တဲ့ Watch Series တွေဟာလည်း အရမ်းကို နည်းပညာမြင့် လူကြိုက်များတဲ့ စမတ်နာရီတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ Apple Watch ဟာ လူတွေရဲ့ အသက်ကို ကယ်တင်လိုက်တဲ့ ဖြစ်ရပ်များစွာ ရှိခဲ့ပါတယ်။ အခုလည်း Apple Watch ကြောင့် နောက်ထပ် လူ ၁ ယောက် အသက်ကို ကယ်တင်လိုက်နိုင်ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ ဗြိတိန်က စက်ဘီး စီးသူ ၁ ယောက်ဟာ Wye မြစ် ရေကြီးနေတဲ့အထဲ ပါသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း သူဟာ သစ်ကိုင်း ၁ ခုကို ဖမ်းဆုပ်နိုင်ခဲ့ကာ Apple Watch ကနေ ဖုန်းဆက်ပြီး အကူအညီတောင်းနိုင်ခဲ့လို့ အသက်ချမ်းသာရာရခဲ့တာပါ။

Best Apple Watch apps: These 9 are the only ones you'll ever really need - CNET

ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင် Sean Bailey က “ သူဟာ သစ်ကိုင်းကို ဆုပ်ကိုင်ထားရင်းကနေ ကျွန်တော်တို့ မီးသတ် စခန်းကို Apple Watch ကနေ ဖုန်းဆက် အကူအညီတောင်းခဲ့ပါတယ်။ အဲဒီအတွက် စောစောစီးစီး သူ့ကို ကယ်တင်နိုင်ခဲ့တာပါ။ မြစ်ရေစီးက အရမ်းသန်နေပေမယ့် သူ သစ်ကိုင်းကနေ မလွတ်ကျသွားတာ အံ့အားသင့်စရာပါ။ သူ့ အသက်ချမ်းသာရာရသွားတာ သူ့ရဲ့ ဇွဲလုံ့လကြောင့်လည်း ပါပါတယ်။ “ လို့ ရှင်းပြပါတယ်။

Wye မြစ်ဟာ အင်္ဂလန်နဲ့ ဝေလ နယ်စပ်နဲ့ နီးစပ်ပြီး ဒီလအစောပိုင်းမှာ အဲဒီ မြစ်ရေကြီးနိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ Apple Watch မှာ LTE ဆက်သွယ်မှုနဲ့ ဖုန်းပြောနိုင်သလို iPhone နဲ့ ချိတ်ထားရင်လည်း ဖုန်း ဆက်နိုင်ပါတယ်။ Emergency SOS Function လည်း ပါတဲ့အတွက် အာဏာပိုင်တွေ၊ မိသားစုဝင်တွေကို အရေးပေါ် အကူအညီတောင်းနိုင်ပါတယ်။

Ref : gizmochina