Apple စမတ်နာရီတွေကို ဈေးချိုချိုနဲ့ ဝတ်ဆင်ချင်သူတွေအတွက် သတင်းကောင်းပါ။ Apple က တန်ဖိုးကြီး Watch Series 6 နဲ့အတူ တန်ဖိုးနည်း Watch SE ကိုပါ ကြေညာလိုက်ပါတယ်။ Apple ရဲ့ ပထမဆုံး တန်ဖိုးနည်း စမတ်နာရီ ဖြစ်လာပါတယ်။

Series 3 ထက် ၂ ဆပိုမြန်ပြီး Apple က Watch SE ဟာ Watch Series 3 ရဲ့ မျိုးဆက်သစ်လို့ ညွှန်းဆိုပါတယ်။ တန်ဖိုးနည်းပေမယ့် Series 3 ရဲ့ လုပ်ဆောင်ချက် အများစု ပါလာပြီး အဲဒီထဲမှာ Fall Detection ၊ Compass ၊ Sleep Tracking ၊ Always-on Altimeter တွေ ပါပါတယ်။ ရေကူးရင် ဝတ်ဆင်လို့ရတာကလည်း မိုက်ပါတယ်။ Series 5 မှာ သုံးထားတဲ့ S5 Chipset ကို Watch SE မှာ ထည့်သွင်းထားပြီး အလူမီနီယမ် ၁၀၀ ရာခိုင်နှုန်းနဲ့ တည်ဆောက်ထားပါတယ်။ ဒီဇိုင်းအကြောင်းပြောရရင် Watch SE ဟာ Series 4 နဲ့ တူပါတယ်။

Watch Faces အသစ်တွေ ပါလာပြီး Family Setup က ကလေးငယ်တွေရဲ့ စမတ်နာရီတွေနဲ့ Pair လုပ်နိုင်ပါတယ်။ ကလေးငယ်ရဲ့ တည်နေရာကို မြေပုံမှာ ကြည့်နိုင်သလို ကလေးရဲ့ စမတ်နာရီ အသုံးပြုမှုကို ထိန်းချုပ်နိုင်တဲ့အတွက် မိဘတွေအတွက် အရမ်းကို အသုံးဝင်ပါတယ်။ Always-on Display တော့ မပါလာဘဲ watchOS 7 မောင်းနှင်ထားပါတယ်။

Watch SE အတွက် ၄၂ နဲ့ ၃၈ မီလီမီတာ အရွယ်အစား ၂ မျိုးထုတ်လုပ်ထားပြီး Solo Loop, Braided Solo Loop, နဲ့ Leather Link လက်ပတ်ကြိုးတွေ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၂၇၉ ဒေါ်လာ သတ်မှတ်ထားပြီး ၃ သိန်း ၇ သောင်းလောက်ပဲရှိပါတယ်။ ၁၈ ရက်နေ့မှာ ရောင်းပေးမှာ ဖြစ်ပြီး ကြိုတင်မှာယူနိုင်ပါပြီ။

Ref : gizchina