လာမဲ့ Apple Watch Series 7 ဟာ 41mm နဲ့ 45mm အရွယ်အစားတွေဖြစ်မယ်လို့ သိရပါတယ်။ ဒါဟာ လက်ရှိအရွယ်အစားတွေဖြစ်တဲ့ 40mm နဲ့ 44mm တို့နေရာမှာ အသီးသီးအစားထိုးသွားမှာပါ။ Apple Watch Series 4 ကတည်းက မြင်တွေ့နေရတဲ့ အရွယ်အစားတွေကို အပြောင်းအလဲလုပ်လာမဲ့အကြောင်းဟာ တရုတ်ရဲ့ နာမည်ကျော်ပလက်ဖောင်း Weibo ပေါ်မှာ ဟိုးလေးတကျော်ဖြစ်နေပါတယ်။

ဒီကောလာဟလကို မျှဝေခဲ့တာကတော့ UnclePan ဆိုတဲ့ အကောင့်ဖြစ်ပါတယ်။ ဒီအကောင့်ဟာ တစ်ချိန်တုန်းက Apple ရဲ့ အစီအစဉ်တွေ၊ သတင်းအချက်အလက်တွေကို မျှဝေခဲ့ဖူးလို့ လူသိများကြပါတယ်။ ဒါကြောင့် Apple Watch Series 7 ကို 41mm နဲ့ 45mm အရွယ်တွေအဖြစ်ထုတ်လုပ်လာမယ်ဆိုတဲ့သတင်းဟာ အခြေအမြစ်မရှိဘူးလို့ သတ်မှတ်လို့မရပါဘူး။

Apple Watch Series 4 မတိုင်မီအထိ 38mm နဲ့ 48mm အရွယ်တွေဖြစ်ခဲ့ပေမဲ့၊ ၂၀၁၈ခုနှစ် ကစပြီး 40mm နဲ့ 44mm အရွယ်အစားတွေကို စတင်ထုတ်လုပ်လာတာပါ။ အခုလည်း မျိုးဆက်သစ်စီးရီးနဲ့အတူ အရွယ်အစားကိုလည်း ပြောင်းလဲတိုးမြှင့်လိုက်ဖို့ Apple က ဆုံးဖြတ်ချက်ချထားပုံရပါတယ်။

UnclePan ရဲ့အဆိုအရ Apple Watch Series 7 ရဲ့ Case အရွယ်အစားတွေက 41mm နဲ့ 45mm တွေအဖြစ်ပြောင်းသွားပေမဲ့ အရင်အရွယ်အစား 40mm, 44mm တွေမှာသုံးတဲ့လက်ပတ်ကြိုးတွေနဲ့လည်း သုံးစွဲလို့ရကြောင်း သိရပါတယ်။ Apple Watch အသစ်မှာ ပိုပြီးသေးငယ်တဲ့ Bezels တွေနဲ့ Flat-edged ဒီဇိုင်းကိုတွေ့ရမယ်လို့ မျှော်လင့်ရပါတယ်။ ဒါကြောင့် မျက်နှာပြင်အရွယ်အစားလည်း ပိုပြီးကြီးလာမှာအမှန်ပါပဲ။

နာမည်ကြီး Apple leaker Jon Prosser ကတော့ Flat-edged ဒီဇိုင်း၊ ပိုကြီးတဲ့ မျက်နှာပြင်နဲ့ Apple Watch Series 7 ဟာ အစိမ်းရောင် Case လည်း ထွက်လာဦးမယ်လို့ ဆိုထားပါသေးတယ်။ Prosser ပြီးခဲ့တဲ့မေလအစောပိုင်းတုန်းက လာမဲ့ Apple Watch အသစ်ရဲ့ပုံစံကိုဖော်ပြတဲ့ Render ကို မျှဝေခဲ့ဖူးပါတယ်။

Apple Watch Series 7 ကို လာမဲ့လမှာပြုလုပ်မဲ့ Digital Apple Event မှာ iPhone 13 တွေနဲ့အတူ မိတ်ဆက်လာဖွယ်ရှိပါတယ်။ ဒီပွဲမှာ အခြားထုတ်ကုန်သစ်တွေအဖြစ် iPads သစ်တွေ၊ Update လုပ်ထားတဲ့ AirPods တွေ၊ High-end Mac mini နဲ့ MacBook Pro စတာတွေကိုလည်း တွေ့မြင်ရဖွယ်ရှိပါတယ်။

Ref: MacRumors