Apple က တန်ဖိုးနည်း iPhone ကို ၂၀၂၀ မှာ ကြေညာမယ်ဆိုတဲ့ သတင်းတွေထွက်နေတာ ကြာပါပြီ။ အဲဒီ ဖုန်းကို iPhone SE 2 ဒါမှမဟုတ် iPhone 9 လို့ နာမည်ပေးထားနိုင်ပါတယ်။ အခုတော့ ဂျာမနီ ဝက်ဘ်ဆိုက် iphone-ticker.de က အဲဒီ ဖုန်းကို မတ်လ ၃၁ ရက်နေ့ ပွဲမှာ ကြေညာတော့မယ်လို့ သတင်းပေးလိုက်ပါတယ်။

Apple ဟာ ပထမမျိုးဆက် iPhone SE ကို မတ်လမှာ ကြေညာခဲ့တဲ့အတွက် ဒုတိယမျိုးဆက်ကိုလည်း အဲဒီလမှာ မိတ်ဆက်မယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် ဇွန်လမှာ ကျင်းပမယ့် WWDC မှာတော့ ကြေညာမှာ မဟုတ်တော့ပါဘူး။ iPhone SE 2 ကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာမယ့် iPhone 12 နဲ့ အချိန်ကွာအောင် တမင်ပြုလုပ်ထားတာ ဖြစ်နိုင်ပါတယ်။

iPhone SE 2 ကို ကြေညာပြီး သိပ်မကြာခင် ဧပြီ ၃ ရက်နေ့မှာ ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။ ၃၉၉ ဒေါ်လာလောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၆သိန်း နီးပါးလောက် ရှိနိုင်တဲ့အတွက် တန်ဖိုးသင့် စမတ်ဖုန်းဈေးကွက်မှာ ဝင်ရောက် ယှဉ်ပြိုင်မှာပါ။ Apple လေ့လာဆန်းစစ်သူ Ming Chi Kuo က အဲဒီဖုန်းမှာ iPhone 11 မှာလို A13 CPU , 3GB RAM နဲ့ 64 or 128GB Storage တွေ ထည့်သွင်းထားမယ်လို့ အရင်က ခန့်မှန်းထားပါတယ်။

မူလ SE မှာလိုပဲ အဲဒီ ဖုန်းဟာ စွမ်းဆောင်ရည် အပိုင်းမှာ Apple ရဲ့ တန်ဖိုးကြီး ဖုန်းတွေကို ယှဉ်ပြိုင်နိုင်မှာပါ။ Apple က ဈေးသက်သာစေဖို့အတွက် တန်ဖိုးနည်း မျက်နှာပြင်နဲ့ iPhone 8 ကိုယ်ထည်တို့ကို သုံးထားနိုင်ပါတယ်။ နောက်လမှာ iPhone SE 2 ကို ရင်ခုန်စောင့်စားရတော့မှာပါ။

Ref : tnw