Apple ဟာ လာမယ့် နှစ်အနည်းငယ်အတွင်း ထုတ်မယ့် iPad တွေမှာ OLED မျက်နှာပြင်တွေ တပ်ဆင်ထားမယ်လို့ သတင်းထွက်နေပါတယ်။ ET News က အခုထွက်လာတဲ့ သတင်းအသစ်မှာ Apple ရဲ့ နောက်မျိုးဆက် တက်ဘလက်တွေရဲ့ မျက်နှာပြင် ထုတ်လုပ်တဲ့ နည်းပညာအကြောင်းကို ပြောလာပါတယ်။ Samsung နဲ့ LG တို့ဟာ အဓိက မျက်နှာပြင် ထောက်ပံ့သူတွေ ဖြစ်လာမှာ ဖြစ်ပြီး ကုမ္ပဏီ ၂ ခုစလုံးဟာ Apple ရဲ့ ၂၀၂၄ ခုနှစ်ထုတ် iPad တွေအတွက် အထူး OLED မျက်နှာပြင် အသစ်တွေကို ဖန်တီးနေကြတယ်လို့ သိရပါတယ်။
ဂတ်စ် ဓါတုဗေဒ ပစ္စည်းကို အသုံးပြုကာ TFT Circuit Pattern Surface က မလိုအပ်တဲ့ ဒြပ်ထု အလွှာတွေကို ဖယ်ရှားနိုင်တဲ့ Dry Etching လို့ ခေါ်တဲ့ နည်းပညာကို အသုံးပြုကာ အဲဒီ မျက်နှာပြင်တွေကို ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် OLED မျက်နှာပြင်တွေဟာ ပိုမို ပါးလွှာ ပေါ့ပါးလာကာ တက်ဘလက်ရဲ့ ကိုယ်ထည် တစ်ခုလုံးကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
Apple ဟာ မျက်နှာပြင်ကို ပိုမို မာကျောစေမယ့် အထူး Coating ၁ ခုကိုလည်း ဖန်တီးနေပြီး OLED iPad ရဲ့ ပထမဆုံး နမူနာ မော်ဒယ်ကို စမ်းသပ်ပြီးပြီလို့ သတင်းထွက်နေပါတယ်။
အရင်သတင်းတွေအရ Brightness ထုတ်လုပ်မှုကို တိုးတက်စေတဲ့ အလင်းထုတ်လွှင့်တဲ့ Diodes ၂ လွှာပါတဲ့ OLED မျက်နှာပြင် ၂ ထပ် ဒီဇိုင်းကို Apple က iPad တွေမှာ အသုံးပြုမယ်လို့ သိရပါတယ်။
Ref : gsmarena