ကမ္ဘာ့ ပထမဆုံး Foldable စမတ်ဖုန်း ဖြစ်တဲ့ Royole Flexpai ကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ Huawei , Samsung , Motorola , Xiaomi နဲ့ တခြား ကုမ္ပဏီတွေရဲ့ Foldable စမတ်ဖုန်းများစွာ ထွက်လာပါတယ်။ ဒါပေမယ့် Android Foldable ဖုန်းတွေ ထွက်လာပြီး ၃ နှစ်အကြာမှာတောင် Apple ရဲ့ Foldable iPhone ကို မတွေ့ရသေးပါဘူး။ Apple က Foldable iPhone ကို ဖန်တီးနေတာတော့ သေချာပါတယ်။

Apple အကြောင်း လေ့လာဆန်းစစ်သူ Ming-Chi Kuo က Apple ဟာ Foldable iPhone ကို ၂၀၂၃ ခုနှစ်ကျမှ ကြေညာမယ်လို့ သုံးသပ်ထားပါတယ်။ သူက အဲဒီ ဖုန်းမှာ ၈ လက်မ QHD+ Flexible မျက်နှာပြင် ပါလာမယ်လို့ ပြောပါတယ်။

foldable iPhone

Samsung ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ Galaxy Fold Foldable စမတ်ဖုန်းကို ကြေညာခဲ့ပြီး နာမည်ကြီး ကုမ္ပဏီက ထုတ်တဲ့ ပထမဆုံး Foldable ဖုန်း အဖြစ် မှတ်တမ်းဝင်သွားပါတယ်။ Samsung ဟာ ဒီလ ၁၁ ရက်နေ့မှာ Galaxy Z Fold3 ကို ချပြတော့မှာ ဖြစ်ပြီး အဲဒီ ဖုန်းမှာ Samsung ရဲ့ Under-screen ကင်မရာ နည်းပညာ ထည့်သွင်းထားနိုင်ပါတယ်။ Honor , Vivo , Google နဲ့ တခြား ကုမ္ပဏီတွေကလည်း ဒီနှစ်ထဲမှာ Foldable ဖုန်းတွေကို ကြေညာနိုင်ပါတယ်။ အဲဒီအတွက် Apple ရဲ့ Foldable iPhone ဟာ Android Foldable ဖုန်းတွေထက် အချိန် ၅ နှစ်၊ ၆ နှစ်လောက် နောက်ကျနေမှာပါ။

Apple ဟာ ဒီနှစ်မှာ Foldable iPhone တွေကို ထုတ်လုပ်ရောင်းချနိုင်မှာ မဟုတ်ပေမယ့် iPhone 13 Series အသစ်တွေကို စက်တင်ဘာလလောက်မှာ ကြေညာတော့မှာ ဖြစ်ပါတယ်။ iPhone 13 Series တွေကို တရားဝင် မိတ်ဆက်ပွဲ မတိုင်ခင်မှာပဲ ဓါတ်ပုံတွေနဲ့ သတင်းအချက်အလက်များစွာ ပေါက်ကြားထွက်ပေါ်နေပါတယ်။

Ref : gizchina