နှစ်ပေါင်းများစွာတိုင်အောင် နည်းပညာလောကမှာ ဒဏ္ဍာရီတစ်ခုလို ဖြစ်နေခဲ့တဲ့ Apple ရဲ့ ခေါက်ဖုန်း (Foldable iPhone) အကြောင်း ကောလာဟလတွေဟာ အခုအခါမှာတော့ အဆုံးသတ်ဖို့ နီးကပ်လာပုံရပါတယ်။
Apple ရဲ့ အတွင်းသတင်းတွေကို တိကျစွာခန့်မှန်းနိုင်သူအဖြစ် ကျော်ကြားတဲ့ သုံးသပ်သူ Ming-Chi Kuo က Apple ရဲ့ ခေါက်ဖုန်းစီမံကိန်းဟာ စိတ်ကူးမဟုတ်တော့ဘဲ တကယ်ဖြစ်လာတော့မယ့် အခြေအနေကို ရောက်နေပြီဖြစ်ကြောင်း ခိုင်မာတဲ့ သက်သေတွေနဲ့တကွ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ထုတ်လုပ်ရေးစက်ရုံတွေ စတင်လှုပ်ရှား
ပထမဆုံး သက်သေကတော့ Apple အတွက် iPhone တွေကို အဓိကတပ်ဆင်ထုတ်လုပ်ပေးနေတဲ့ Foxconn စက်ရုံဆီက လာတာပါ။ အတွင်းသတင်းတွေအရ Foxconn ဟာ ဒီခေါက်ဖုန်းစီမံကိန်းကို ၂၀၂၅ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းလောက်မှာ စတင်လုပ်ဆောင်တော့မှာဖြစ်ပြီး အားလုံးစောင့်မျှော်နေတဲ့ ခေါက်ဖုန်းတွေကို ၂၀၂၆ ခုနှစ် ဒုတိယနှစ်ဝက် မှာ အကြီးအကျယ် စတင်ထုတ်လုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။
လျှို့ဝှက်ဆန်းကြယ်တဲ့ Hinge နဲ့ Samsung ရဲ့ မျက်နှာပြင်
Apple ဟာ သူ့ရဲ့ ခေါက်ဖုန်းအတွက် အကောင်းဆုံးဖြစ်အောင် အချိန်ယူနေဆဲပါ။ အထူးသတ္တုနဲ့ ပြုလုပ်ထားတဲ့ “Liquidmetal Hinge” ပါလာမှာ ဖြစ်ပြီး အဓိကကျတဲ့ မျက်နှာပြင်ကိုတော့ Samsung Display ကနေ မှာယူသွားမှာဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ဒီအချက်တစ်ခုတည်းနဲ့တင် Apple ခေါက်ဖုန်းရဲ့ မျက်နှာပြင်အရည်အသွေးဟာ ဘယ်လောက်ကောင်းမွန်မလဲဆိုတာကို ခန့်မှန်းနိုင်နေပါပြီ။
Apple ရဲ့ ဈေးကွက်
စိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့ Apple ဟာ Samsung ဆီက ခေါက်နိုင်တဲ့ မျက်နှာပြင် အချပ်ရေ ၇ သန်းကနေ ၈ သန်းကြားသာ မှာယူထားပေမယ့်၊ ဖုန်းအလုံးရေကိုတော့ ၁၅ သန်းကနေ သန်း ၂၀ အထိ ထုတ်လုပ်ဖို့ ရည်ရွယ်ထားတာပါပဲ။
ဒီကိန်းဂဏန်းတွေရဲ့ နောက်ကွယ်က Apple ရဲ့ ခြေလှမ်းကို Ming-Chi Kuo က “Apple ဟာ ခေါက်ဖုန်းကို ဈေးနှုန်းအလွန်မြင့်မားစွာနဲ့ ရောင်းချမှာဖြစ်လို့ တစ်နှစ်တည်းနဲ့ အများကြီးရောင်းရဖို့ မျှော်လင့်ထားမှာမဟုတ်ဘူး။ ဒီအရေအတွက်က ဖုန်းရဲ့ သက်တမ်းဖြစ်တဲ့ ၂ နှစ်၊ ၃ နှစ်စာအတွက် ကြိုတင်ထုတ်လုပ်ထားတာ ဖြစ်နိုင်တယ်” လို့ သုံးသပ်ပြခဲ့ပါတယ်။
Apple ရဲ့ ခေါက်ဖုန်းမှာ ဘယ်လို feature တွေပါလာမလဲ၊ ဒီဇိုင်းက ဘယ်လိုဖြစ်မလဲဆိုတာ လျှို့ဝှက်ချက်အဖြစ် ရှိနေသေးပေမယ့်၊ ထုတ်လုပ်ရေးကွင်းဆက်တစ်ခုလုံး စတင်လှုပ်ရှားနေပြီဖြစ်တာကြောင့် iPhone ကိုင်ချင်၊ ခေါက်လည်းခေါက်ချင်တဲ့ Apple ပရိသတ်တွေရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာဖို့ သိပ်မဝေးတော့ဘူးဆိုတာကတော့ သေချာနေပါပြီ။
Ref: gsmarena