အသက် ၁၆ နှစ်အရွယ်မှာ  ၂၃ ဒေါ်လာ လောက်ပဲ အရင်းအနှီးစိုက်ပြီး ဝက်ဘ်ဆိုက် Domain တစ်ခု ဝယ်ယူစတင်ခဲ့ရာကနေ အခုဆိုရင် တစ်နှစ်ကို ဒေါ်လာ ၁.၃ သန်း  ဝင်ငွေရနေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။ Singapore နိုင်ငံသား ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Zames Chew နဲ့ Amos Chew တို့ဟာ ငယ်ငယ်က Google လို ကုမ္ပဏီကြီးတွေမှာ လုပ်ချင်ခဲ့ပေမယ့် အခုချိန်မှာတော့ လက်တွေ့လုပ်ရတဲ့ အိမ်တွင်းပြုပြင်ရေး ဝန်ဆောင်မှုလုပ်ငန်း Repair.sg ကို အောင်မြင်စွာ ဦးစီးလုပ်ကိုင်နေကြပြီ ဖြစ်ပါတယ်။

Zames Chew and Amos Chew are the co-founders of Repair.sg.

သူတို့ရဲ့ စီးပွားရေးခရီးလမ်းက ၂၀၁၆ ခုနှစ်လောက်မှာ မိဘတွေ အိမ်အသုံးအဆောင် ပျက်လို့ ပြင်ဖို့လူရှာမရတာကနေ စတင်ခဲ့တာပါ။ အွန်လိုင်းမှာ ပြုပြင်ရေးသမား ရှာမရတာကို တွေ့လိုက်ရတဲ့ Zames Chew ဟာ ချက်ချင်းဆိုသလို  ၂၃ ဒေါ်လာ တန် Domain တစ်ခုဝယ်ပြီး ဝက်ဘ်ဆိုက်ထောင်လိုက်ပါတယ်။ ငယ်စဉ်ကတည်းက Lego ဆော့တာ၊ ကွန်ပျူတာဆင်တာတွေ ဝါသနာပါတဲ့ ဒီညီအစ်ကိုနှစ်ယောက်ဟာ ကျောင်းတက်ရင်းနဲ့ တစ်ဖက်ကနေ မီးလုံးလဲတာ၊ ပရိဘောဂပြင်တာတွေကို ကိုယ်တိုင် လိုက်လုပ်ပေးခဲ့ကြပါတယ်။

The Gen Z Handymen Trying To Repair a Broken Industry

လုပ်ငန်းအစပိုင်း ၇ နှစ်လောက်အထိ အတော်လေး ရုန်းကန်ခဲ့ရပြီး ဖောက်သည်တွေ ဆက်သွယ်လာရင် ချက်ချင်းပြန်ဖြေနိုင်ဖို့ မနက် ၄ နာရီအထိ နှိုးစက်ပေးပြီး စောင့်ခဲ့ရတဲ့ညတွေလည်း ရှိခဲ့ပါတယ်။ ဒါ့အပြင် လူတွေက “ကျောင်းမတက်ဘဲ ဘာလို့ ဒီလို အောက်ခြေသိမ်းအလုပ်တွေ လုပ်နေတာလဲ၊ ရုံးခန်းထဲမှာ ထိုင်လုပ်ရတဲ့ အလုပ်မျိုး မလုပ်ချင်ဘူးလား” ဆိုပြီး ဝေဖန်တာမျိုးတွေ ခံခဲ့ရလို့ သူတို့လုပ်ငန်းကို လူသိမခံရဲအောင် ဖြစ်ခဲ့ရဖူးပါတယ်။

ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာတော့ ဝါသနာကို အရင်းတည်ပြီး တက္ကသိုလ်မတက်တော့ဘဲ လုပ်ငန်းကို အချိန်ပြည့်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ လက်ရှိမှာ ဝန်ထမ်း ၂၀ ကျော်နဲ့ လည်ပတ်နေပြီး ၂၀၂၅ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ ၂.၃ သန်းအထိ ရမယ်လို့ ခန့်မှန်းထားပါတယ်။ Zames Chew ကတော့ လေအေးပေးစက်တပ်ထားတဲ့ ရုံးခန်းထဲမှာ ထိုင်လုပ်ရတဲ့ဘဝထက် ညီအစ်ကိုနှစ်ယောက် အတူတူရုန်းကန်ပြီး အောင်မြင်လာတဲ့ ဒီဘဝက ပိုပြီး ပျော်ရွှင်ဖို့ကောင်းတယ်လို့ ဂုဏ်ယူစွာ ပြောကြားခဲ့ပါတယ်။

Ref : cnbc