ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) ဆိုတာ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံခဲ့ရပြီး အချုပ်ထောင်ထဲမှာ သေဆုံးသွားခဲ့တဲ့ အမေရိကန် ဘဏ္ဍာရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်ပါတယ်။ မကြာသေးမီက ထွက်ပေါ်လာတဲ့ တရားရေးဌာနရဲ့ ဖိုင်တွေမှာတော့ ကမ္ဘာကျော် နည်းပညာ ကုမ္ပဏီကြီးတွေရဲ့ ခေါင်းဆောင်တွေနဲ့ အက်ပ်စတိန်းတို့ရဲ့ ပတ်သက်ဆက်နွှယ်မှု အသစ်တွေ ပေါ်ပေါက်လာပါတယ်။
Tesla ပိုင်ရှင် အီလွန်မတ်စ် (Elon Musk) နဲ့ ပတ်သက်တဲ့ အီးမေးလ်တွေအရ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်က ကာရစ်ဘီယံဒေသမှာ အားလပ်ရက် အတူကုန်ဆုံးခဲ့တာတွေ ရှိနိုင်ပါတယ်။ ၂၀၁၂ ခုနှစ် အီးမေးလ်တစ်ခုမှာ မတ်စ်က အက်ပ်စတိန်းရဲ့ ကျွန်းမှာ “အရိုင်းစိုင်းဆုံး ပါတီပွဲ” (wildest party) က ဘယ်နေ့လဲလို့ မေးမြန်းခဲ့ပြီး အေးဆေးတဲ့ ခရီးစဉ်ထက် ပျော်ပါးချင်တဲ့ ဆန္ဒကို ပြောဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် မှတ်တမ်းတွေမှာ မတ်စ် ကျွန်းကို သွားရောက်ဖို့ ရှိတယ်လို့ ဖော်ပြထားပေမယ့်၊ မတ်စ်ကတော့ သူဟာ ဖိတ်ကြားချက်တွေကို ငြင်းပယ်ခဲ့ပြီး ကျွန်းကို မသွားရောက်ခဲ့ဘူးလို့ X လူမှုကွန်ရက်မှာ ငြင်းဆိုထားပါတယ်။

Microsoft တည်ထောင်သူ ဘီလ်ဂိတ် (Bill Gates) နဲ့ ပတ်သက်လို့တော့ အက်ပ်စတိန်းက သူ့ကိုယ်သူ ပေးပို့ခဲ့တဲ့ အီးမေးလ်တွေမှာ စွပ်စွဲချက် ပြင်းပြင်းထန်ထန် တွေ့ရပါတယ်။ ဂိတ်စ်ဟာ ရုရှားအမျိုးသမီးတွေနဲ့ ဖောက်ပြန်ခဲ့ပြီး လိင်မှတဆင့် ကူးစက်တတ်တဲ့ ရောဂါရရှိခဲ့ကာ ဇနီးသည် Melinda ကို လျှို့ဝှက်ဆေးတိုက်ဖို့ ကြိုးစားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ ဂိတ်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ဒီအချက်တွေဟာ လုံးဝ မဟုတ်မမှန်ကြောင်းနဲ့ အက်ပ်စတိန်းက ဂိတ်စ်နဲ့ ဆက်ဆံရေး မလုပ်နိုင်တော့လို့ မကျေနပ်ချက်နဲ့ လုပ်ကြံရေးသားတာ ဖြစ်ကြောင်း တုံ့ပြန်ထားပါတယ်။
Amazon တည်ထောင်သူ ဂျက်ဖ် ဘေဇော့ (Jeff Bezos) လည်း ဒီဖိုင်တွေမှာ ပါဝင်လာပါတယ်။ ၂၀၀၉ ခုနှစ်က အီးမေးလ်တစ်ခုအရ ဘေဇော့ဟာ အက်ပ်စတိန်းရဲ့ ကြံရာပါ Ghislaine Maxwell ရဲ့ နေအိမ်မှာ ပြုလုပ်တဲ့ ရုပ်ရှင် အာဖတာပါတီပွဲတစ်ခုကို သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့အတူ တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီသတင်းတွေကြောင့် နည်းပညာလောကမှာ အပုပ်နံ့တွေ လှိုင်လှိုင်ထွက်နေပါတယ်။
Ref : cbsnews
