နည်းပညာ ဘီလီယမ်နာ သူဌေး Jared Isaacman ဟာ SpaceX ရဲ့ Polaris Dawn Mission မှာ ပါဝင်ခဲ့ပြီး အာကာသမှာ လမ်းလျှောက်ခဲ့ပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ် အာကာသယာဉ်မှူး မဟုတ်တဲ့ ကမ္ဘာ့ ပထမဆုံး အာကာသမှာ လမ်းလျှောက်တဲ့ လူသား အဖြစ် သမိုင်းမှတ်တမ်းဝင်သွားပါတယ်။

SpaceX ရဲ့ Dragon အာကာသယာဉ်မှာ Isaacman ၊ လေတပ် အရာရှိဟောင်း Scott Poteet ၊ SpaceX အင်ဂျင်နီယာတွေ ဖြစ်တဲ့ Sarah Gillis နဲ့ Anna Menon တို့ လိုက်ပါသွားခဲ့ပါတယ်။ သူတို့ဟာ ကမ္ဘာမြေအထက် ၄၃၅ မိုင်အထိသွားခဲ့ကြပြီး နှစ်ပေါင်း ၅၀ အတွင်း လူသားတွေ အဝေးဆုံး ရောက်တဲ့ နေရာ ဖြစ်ပါတယ်။

အဲဒီနေရာ အရောက်မှာ Isaacman ဟာ အာကာသယာဉ်ထဲက ထွက်လာပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။ အာကာသထဲ လွင့်မျော မသွားအောင်  သူ့ကို ကြိုးနဲ့ ချည်ထားတာ ဖြစ်ပါတယ်။ အဲဒီ Mission က SpaceX ရဲ့ အာကာသဝတ်စုံကို စမ်းသပ်ဖို့ ဖြစ်ပြီး သူဟာ မိနစ်အနည်းငယ်ကြာပြီးနောက် စမ်းသပ်မှုကို ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ အာကာသယာဉ်ထဲ ပြန်ဝင်လာခဲ့ပါတယ်။

သူဝင်လာပြီးနောက် Gillis ဟာ အာကာသထဲ လမ်းလျှောက်ထွက်ခဲ့ပါတယ်။ သူမဟာလည်း အာကာသယာဉ်မှူး မဟုတ်တဲ့ အာကာသမှာ လမ်းလျှောက်တဲ့ ဒုတိယမြောက် လူသားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ သူမဟာ Isaacman အတိုင်း စမ်းသပ်မှု ပြုလုပ်ခဲ့ပြီး ၁၅ မိနစ်အကြာမှာ အာကာသယာဉ်ထဲ ပြန်ဝင်လာခဲ့ပါတယ်။ အီလက်ထရောနစ် ငွေပေးချေမှု ကုမ္ပဏီ Shift4 ကို တည်ထောင်ထားတဲ့ Isaacman ဟာ အခု Mission ကိုငွေကြေး ထောက်ပံ့ထားတာ ဖြစ်ပါတယ်။

အခုဆိုရင် အာကာသယာဉ်မှူး မဟုတ်တဲ့ သာမာန် လူသားတွေတောင် အာကာသကို ခြေဆန့်လာကြပြီ ဖြစ်ပါတယ်။

Ref : mirror.uk