ဂျာမနီ ကားထုတ်လုပ်သူ BMW က ကားတွင်း ဖျော်ဖြေရေး စနစ် အသစ် BMW Theatre Screen ကို မကြာခင်က CES 2022 မှာ ပြသလိုက်ပါတယ်။ အဲဒီ စနစ်မှာ ၃၁ လက်မ 8K Screen တပ်ဆင်ထားပြီး ကားအနောက်ခန်းကို ရုပ်ရှင်ရုံလို အသုံးပြုနိုင်မှာပါ။
Theatre Screen ဟာ နမူနာမော်ဒယ်အဆင့်ပဲ ရှိသေးပြီး တန်ဖိုးကြီး Electric 7 Series လို့ထင်ရတဲ့ ကားထဲမှာ ထည့်သွင်းပြသခဲ့တာပါ။ Screen ကို ကား မျက်နှာကျက်မှာ တပ်ဆင်ထားပြီး အသုံးပြုမယ်ဆိုရင် အောက်ကို ကျလာမှာပါ။ 8K Resolution (8000×2000) ရှိပြီး 16:9, 21:9 နဲ့ 32:9 Aspect Ratio တွေ ထောက်ပံ့ထားပါတယ်။ အဲဒီစနစ်မှာ နောက်ဆုံးပေါ် Video Streaming ဝန်ဆောင်မှု အများစုကို သုံးနိုင်တဲ့ Fire OS နဲ့ Fire TV Apps တွေကို ထောက်ပံ့ထားပြီး 5G ဆက်သွယ်မှု ပါပါတယ်။
၃၁ လက်မ Panel ဟာ ထိတွေ့မျက်နှာပြင် ဖြစ်ပြီး ကား အနောက်ဘက် တံခါးတွေမှာ အရွယ်သေး Touchpad Controls တွေ ထည့်သွင်းထားပါတယ်။ BMW Theatre Screen မှာ Bowers & Wilkins က စပီကာ ၃၀ ကို အသုံးပြုထားကာ အသံပတ်လည်ပြေးစနစ်ကို ထောက်ပံ့ထားပါတယ်။ ကား အနောက်ဘက် ထိုင်ခုံက စပီကာတွေကိုလည်း အသုံးချကာ အသံတုန်ခါမှုတွေနဲ့ သဘာဝ အသံတွေကို ဖန်တီးပေးတဲ့အတွက် BMW က 4D အသံစနစ်လို့ ပြောပါတယ်။
BMW က တကယ့် ရုပ်ရှင်ရုံနဲ့ တူညီစေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း ပြောပြထားပါသေးတယ်။ Screen ဟာ မျက်နှာကျက်ကနေ ကျလာတဲ့အခါမှာ ကားပြတင်းပေါက်ကနေ အလင်းဝင်တာကို ကာကွယ်ပေးမှာ ဖြစ်သလို ကားအနောက်ခန်းက မီးကိုလည်း ပိတ်ပေးမှာပါ။
BMW က Theatre Screen ဖျော်ဖြေရေး စနစ်ကို ရောင်းချမယ့်အချိန်နဲ့ ဈေးနှုန်းကို မပြောသေးပေမယ့် မကြာခင် ထုတ်လုပ်မယ့် ကားတွေမှာ ထည့်သွင်းရောင်းချနိုင်တယ်လို့ ပြောပါတယ်။
Ref : gizmochina