တရုတ်အခြေစိုက် Display ထုတ်လုပ်တဲ့ကုမ္ပဏီကြီး BOE ဟာ လွန်ခဲ့တဲ့လအတန်ကြာကတည်းက Apple ရဲ့ iPhone 12 တွေအတွက် မျက်နှာပြင်ထောက်ပံ့သူဖြစ်လာဖို့ ကြိုးပမ်းနေခဲ့တာပါ။ အချိန်အတော်ကြာတဲ့အထိ Apple ဆီကနေ အမှာစာကို လက်ခံရခြင်း မရှိခဲ့ပါဘူး။

၂၀၂၀ ပြည့်နှစ်ရဲ့ နောက်ဆုံးနေ့ရက်တွေရောက်လာချိန်မှာတော့ BOE ဟာ Apple iPhone 12 စီးရီးအတွက် မျက်နှာပြင်တွေ စတင်ထောက်ပံ့နိုင်ခဲ့ပြီလို့ သတင်းထွက်ပေါ်လာပါတယ်။ မျက်နှာပြင်ထောက်ပံ့ဖို့အတွက် Apple ရဲ့ Certification ကို ရရှိပြီးသွားတဲ့နောက် ရက်အနည်းငယ်အကြာမှာပဲ လုပ်ငန်းစဉ်ကို မြန်မြန်ဆန်ဆန်လည်ပတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

iPhone 12 စီးရီးအတွက် BOE က Panel အရေအတွက်ဘယ်လောက်ထိ ထောက်ပံ့ခွင့်ရမယ်ဆိုတာ အတိအကျမသိရသေးပေမယ့်၊ လတ်တလောမှာတော့ 6.1-inch screen ယူနစ်ပေါင်း ၁ သောင်းကို စတင်ပေးပို့လိုက်ပြီလို့ သိရပါတယ်။ ဒါပေမယ့် ကြာသေးခင်ကထွက်ပေါ်ထားတဲ့သတင်းအရ Apple ဟာ iPhone 12 တွေရဲ့ မျက်နှာပြင်အတွက် Samsung Display ကိုပဲ ဦးစားပေးရွေးချယ်မှုအဖြစ် သတ်မှတ်ထားကြောင်းသိရပါတယ်။

Samsung အနေနဲ့ လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ iPhone တွေအတွက် OLED panel ယူနစ်ပေါင်း သန်း ၁၄၀ ကျော်တင်ပို့နိုင်ဖို့မျှော်လင့်ထားပြီး၊ LG Display က သန်း ၃၀ တင်ပို့နိုင်မယ်လို့ သိရပါတယ်။ BOE ကတော့ အနည်းဆုံးဖြစ်ပေမယ်၊ သူလည်း OLED panel ယူနစ် ၁၀ သန်းလောက်တော့ တင်ပို့ရောင်းချခွင့်ရမယ်လို့ မျှော်လင့်ရပါတယ်။

ကနဦးတုန်းကတော့ Apple ဟာ Samsung ကိုပဲ မှီခိုအားထားနေရမှုလျှော့ချနိုင်ဖို့အတွက် MacBook နဲ့ iPad display တွေရဲ့ OLED screen တွေကို BOE ဆီကမှာယူဖို့စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် တရုတ်ကုမ္ပဏီဟာ Apple ရဲ့ စံနှုန်းကိုမပြည့်မီပဲ မျက်နှာပြင်တွေဟာ ပြဿနာတွေပေါ်ပေါက်ခဲ့တာကြောင့် အမှာစာကို ပယ်ဖျက်ခံရခြင်းနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ အခုတော့ ဒီပြဿနာတွေဖြေရှင်းနိုင်ခဲ့ပြီလို့ ယူဆရပါတယ်။

Ref: Gizmochina