Caviar ကုမ္ပဏီဟာ Unitree G1 စက်ရုပ်ကို အခြေခံပြီး အာရပ်ယဉ်ကျေးမှု ဒီဇိုင်းတွေနဲ့ ဖန်တီးထားတဲ့ Aladdin လို့ အမည်ပေးထားတဲ့ ကမ္ဘာ့ပထမဆုံး လူတူစက်ရုပ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီစက်ရုပ်ဟာ အဆင့်မြင့် အင်ဂျင်နီယာနည်းပညာနဲ့ အစ္စလာမ္မစ် အနုပညာလက်ရာတွေကို ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ တီထွင်မှုတစ်ခု ဖြစ်ပါတယ်။

ဒီ Aladdin စက်ရုပ်ကို အများပြည်သူအတွက် အမြောက်အမြား ထုတ်လုပ်သွားမှာမဟုတ်ဘဲ မှာယူသူတွေအတွက်သာ သီးသန့် ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ စက်ရုပ်တစ်ရုပ်ချင်းစီကို ရွှေတွေ၊ ကျောက်မျက်ရတနာတွေနဲ့ လက်မှုပညာမြောက် စိတ်ကြိုက် အလှဆင်ပေးသွားမှာဖြစ်ပြီး ရှေးခေတ် အာရပ်သူကောင်းမျိုးတွေ ဝတ်ဆင်လေ့ရှိတဲ့ ဝတ်ရုံဒီဇိုင်းတွေနဲ့ ပုံဖော်ထားတာပါ။ အရပ် ၁၃၀ စင်တီမီတာနဲ့ အလေးချိန် ၃၅ ကီလိုဂရမ်ရှိတဲ့ Unitree G1 ကို အခြေခံထားတာကြောင့် လမ်းလျှောက်တာ၊ လှုပ်ရှားတာတွေကို သဘာဝကျကျ လုပ်ဆောင်နိုင်ပါတယ်။

Caviar အနေနဲ့ ဒီစီမံကိန်းကို “တစ်ထောင့်တစ်ည” ပုံပြင်ထဲက Aladdin ဒဏ္ဍာရီကို ပြန်လည်အသက်သွင်းထားတာလို့ တင်စားထားပါတယ်။ မီးခွက်ထဲကနေ ထွက်လာတဲ့ ဂျင်နီကောင်အစား AI နည်းပညာနဲ့ စက်ပစ္စည်းကို အသက်သွင်းထားတာဖြစ်ပြီး မှော်ပညာအစား ဉာဏ်ရည်နဲ့ နည်းပညာအစွမ်းကို အသုံးပြုထားတဲ့ ဒီဂျစ်တယ်ခေတ်ရဲ့ သူရဲကောင်းပုံရိပ်ကို ပုံဖော်ထားတာ ဖြစ်ပါတယ်။

ဝယ်ယူသူတွေအနေနဲ့ ကိုယ်လိုချင်တဲ့ ဒီဇိုင်းပုံစံတွေ၊ အမှတ်အသားတွေကို ရွေးချယ်နိုင်ပြီး Caviar ရဲ့ ဒီဇိုင်နာတွေက တစ်မူထူးခြားတဲ့ စက်ရုပ်အဖြစ် ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကာလကို တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။
Ref : Gizmochina