Facebook CEO Mark Zuckerberg ရဲ့ Chan Zuckerberg Initiative (CZI) ဟာ ပရဟိတလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ဖို့ ပြင်ဆင်နေပါတယ်။ အခုအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတွေကို ကုသမှုဖော်ထုတ်ဖို့ဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်ရည်ရွယ်ပြီး သုတေသနရန်ပုံငွေအဖြစ် ဒေါ်လာ ၂၅ သန်း ပေးအပ်ခဲ့ပါတယ်။

CZI ဟာ Zuckerberg နဲ့ သူ့ရဲ့ဇနီး Priscilla Chan တို့ ဦးစီးနေတာဖြစ်ပြီး ဒီလှူဒါန်းမှုဟာလည်း ဆေးဝါးနဲ့ ကုသမှုနည်းလမ်းသစ်တွေဖော်ထုတ်ရာမှာ သုံးစွဲဖို့ ဖြစ်ပါတယ်။ COVID-19 Therapeutics Accelerator ကို ဒေါ်လာ သန်း ၂၀ ထောက်ပံ့တာဖြစ်ပြီး၊ နောက်ထပ် ၅ သန်းကတော့ အနာဂတ်လိုအပ်ချက်တွေပေါ်မူတည်ပြီး ပေးအပ်မယ်လို့ ဆိုထားတာ ဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ Bill & Melinda Gates Foundation နဲ့ Wellcome တို့ကလည်း ဒေါ်လာ သန်း ၅၀ စီပေးအပ်သွားမယ်လို့ သိရပါတယ်။ COVID-19 Therapeutics Accelerator ဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ လက်တွဲပြီးဆောင်ရွက်မှာ ဖြစ်သလို ပုဂ္ဂလိကအနေနဲ့ သီးခြားလုပ်ဆောင်မှုလည်း ပြုလုပ်မယ်လို့ သိရပါတယ်။

CZI အနေနဲ့ COVID-19 ကပ်ဆိုးကို တိုက်ဖျက်နိုင်ဖို့အတွက် လျှင်မြန်စွာဖော်ထုတ်နိုင်ဖို့၊ စမ်းသပ်မှုတွေကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ဖို့အတွက် Gate Foundation, Wellcome, Mastercard တို့နဲ့ လက်တွဲလုပ်ဆောင်ရတဲ့အတွက် စိတ်လှုပ်ရှားမိတယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

COVID-19 Therapeutics Accelerator အနေနဲ့ လက်ရှိဆေးတွေဟာ COVID-19 အပေါ် အကျိုးသက်ရောက်မှုရှိ၊ မရှိဆိုတာနဲ့ပတ်သက်ပြီး သုတေသီတွေအလျှင်အမြန်ဆုံးဖြတ်နိုင်ဖို့ ကူညီမယ်လို့ သိရပါတယ်။ ဒီညှိနှိုင်းဆောင်ရွက်မှုတွေဟာ COVID-19 ပျံ့ပွားမှုကို ရပ်တန့်စေပြီး အနာဂတ်ကူးစက်ရောဂါတွေကိုတုံ့ပြန်ဖို့ ပြန်လည်အသုံးပြုနိုင်တဲ့ မဟာဗျူဟာတွေကိုလည်း ကူညီမယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

Ref: The Verge