OpenAI က ChatGPT မှာ စည်းကမ်းကန့်သတ်ချက်တွေကို လျှော့ချပေးမယ့် “Adult Mode” ကို ၂၀၂၆ ခုနှစ် ပထမသုံးလပတ်အတွင်း မိတ်ဆက်သွားဖို့ ရှိနေပါတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး GPT-5.2 မော်ဒယ်အကြောင်း ရှင်းလင်းပွဲမှာ OpenAI ရဲ့ Applications CEO ဖြစ်သူ Fidji Simo က အတည်ပြု ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပုံမှန် ChatGPT ဟာ စည်းကမ်းတင်းကျပ်လွန်းတာကြောင့် လူကြီးပိုင်းဆိုင်ရာ အကြောင်းအရာတွေ ဆွေးနွေးတဲ့အခါ အဆင်မပြေမှုတွေ ရှိခဲ့ပါတယ်။ အသစ်ပါလာမယ့် Adult Mode မှာတော့ အသက်အရွယ် ရောက်ပြီးသူတွေအတွက် လိင်ပိုင်းဆိုင်ရာ အရေးအသား (erotica) တွေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ စကားပြောဆိုမှုတွေကို ခွင့်ပြုပေးသွားမှာ ဖြစ်ပါတယ်။
ဒီစနစ်အတွက် အကြီးမားဆုံး စိန်ခေါ်မှုကတော့ အသက် ၁၈ နှစ်အောက် ကလေးတွေ ဝင်ရောက်အသုံးပြုတာကို တားဆီးဖို့ပါပဲ။ ဒါကြောင့် OpenAI ဟာ သုံးစွဲသူရဲ့ အပြုအမူကို ကြည့်ပြီး အသက်ခန့်မှန်းနိုင်မယ့် AI စနစ်ကို စမ်းသပ်နေသလို လိုအပ်တဲ့ ဒေသတွေမှာတော့ အစိုးရအသိအမှတ်ပြု မှတ်ပုံတင်နဲ့ စစ်ဆေးတဲ့စနစ်တွေပါ သုံးစွဲသွားဖို့ ရှိပါတယ်။
Adult Mode ဟာ အလိုအလျောက် ပွင့်လာမှာမဟုတ်ဘဲ သုံးစွဲသူက ကိုယ်တိုင်ရွေးချယ် (Opt-in) ပြီး အသက်စစ်ဆေးမှုကို အောင်မြင်မှသာ အသုံးပြုခွင့် ရရှိမှာပါ။ အသက်မပြည့်သေးတဲ့ သုံးစွဲသူတွေအတွက်ကတော့ မူလအတိုင်း တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ပဲ ဆက်ရှိနေမှာဖြစ်ပြီး ဘေးကင်းလုံခြုံမှုအတွက် ဂရုတစိုက် ဆောင်ရွက်နေပါတယ်။
Ref : Gizmochina