Samsung ရဲ့ Foldable စမတ်ဖုန်းတွေဟာ ဒီဇိုင်းလန်းပြီး အမိုက်စား Specs တွေ ထည့်ထားတဲ့အတွက် ဈေးအရမ်းမြောက်ပါတယ်။ မကြာခင်ကလည်း အရင်မျိုးဆက် Galaxy Fold ထက် ဈေးအနည်းငယ်သက်သာတဲ့ Z Fold2 ကို ကြေညာခဲ့ပြီး ဈေး မသိရသေးပေမယ့် အရမ်းမြောက်နေဦးမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ Z Fold2 နဲ့ ဒီဇိုင်းတူပြီး ဈေးတော်တော်သက်သာမယ့် Z Fold Lite ရဲ့ သတင်းထွက်လာပါတယ်။ ဈေးချိုတဲ့ Foldable ဖုန်း ကိုင်ချင်သူတွေအတွက် ဝမ်းသာစရာပါ။

Galaxy Z Fold Lite ရဲ့ မော်ဒယ်နံပါတ်ဟာ SM-F415F ဖြစ်ပြီး Samsung ရဲ့ နာမည်ပေးတဲ့ ပုံစံအရ F ဟာ Foldable ကို ကိုယ်စားပြုပါတယ်။ Number နိမ့်တဲ့အတွက် မူလ Galaxy Fold နဲ့ Galaxy Z Fold2 တို့ထက် စွမ်းရည်နိမ့်သလို ဈေးသက်သာမှာပါ။

အဲဒီ မော်ဒယ်နံပါတ်ရဲ့ Support Page ကို Samsung India ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ တင်ထားပြီ ဖြစ်ပါတယ်။ Specs တွေကိုတော့ မဖော်ပြထားပေမယ့် အဲဒီ ဖုန်းကို အိန္ဒိယမှာ ရောင်းမယ်ဆိုတာ အတည်ပြုထားပါတယ်။

အရင်ပေါက်ကြားသတင်းတွေအရ Galaxy Z Fold Lite မှာ Snapdragon 865 Chipset မောင်းနှင်ထားမှာ ဖြစ်ပေမယ့် 5G နဲ့ Ultra Thin Glass Layer မပါလာနိုင်ပါဘူး။ ဒေါ်လာ ၁,၁၀၀ လောက်နဲ့ ရောင်းချမယ်လို့ အရင်က သတင်းထွက်ခဲ့တဲ့အတွက် တခြား အစိတ်အပိုင်းတွေကိုလည်း ဖယ်ရှားထားဖွယ်ရှိပါတယ်။ မြန်မာငွေ ၁၅ သိန်းလောက်ရှိပြီး Galaxy Fold နဲ့ Galaxy Z Flip တို့ထက် အများကြီးသက်သာပါတယ်။ Mirror Black နဲ့ Mirror Purple ၂ ရောင်ထွက်လာနိုင်ပါတယ်။

Ref : gsmarena