ဂြိုဟ်သားတွေစီးတဲ့ ပန်းကန်ပြားပျံ (UFO) ကြီး အပြင်ဘက်မှာ တကယ်ရောက်နေသလားလို့ ထင်မှတ်မှားသွားစေမယ့် လေယာဉ်သစ်ကြီးတစ်စီးကို တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စိတ်ဝင်စားဖွယ် မိတ်ဆက်လိုက်ပါတယ်။ ဒီယာဉ်ဟာ ဒေါင်လိုက် အတက်အဆင်းလုပ်နိုင်တဲ့ eVTOL အမျိုးအစားဖြစ်ပြီး ပိုမိုလုံခြုံစိတ်ချရအောင် ပန်ကာတွေကို အပြင်ကနေ အပြည့်အဝ ဖုံးအုပ်ကာကွယ်ပေးထားပါတယ်။

China reportedly debuts world's first ducted ton-class UFO-style eVTOL

အဲဒီ ပန်းကန်ပြားပုံစံ လေယာဉ်ကြီးဟာ ၃ စက္ကန့်အတွင်းမှာတင် လေထဲကို ပျံတက်နိုင်စွမ်းရှိပြီး အဆောက်အအုံတွေနား ကပ်ပြီးဖြစ်ဖြစ်၊ မြေပြင်နဲ့ နီးနီးကပ်ကပ်ဖြစ်ဖြစ် အေးဆေးပျံသန်းနိုင်ပါတယ်။ လူ ၄ ယောက် ဒါမှမဟုတ် ကုန်ပစ္စည်းတွေ တင်ဆောင်နိုင်ပြီး အလေးချိန်အားဖြင့် ကီလိုဂရမ် ၄၅၀ အထိ သယ်ဆောင်နိုင်ပါတယ်။ လေထဲမှာလည်း ငြိမ်ငြိမ်လေး ရပ်တန့်နိုင်သလို ဆင်းသက်ဖို့အတွက် ကားပါကင် ၄ နေရာစာလောက် အကျယ်အဝန်းလေးရှိရင်ကို လုံလောက်နေပါပြီ။

အသံဆူညံမှု လုံးဝမရှိတဲ့ ဒီလေယာဉ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဟူပေပြည်နယ် ဝူဟန်မြို့လယ်ခေါင် ဟုန်ရှန်းခန်းမအပြင်ဘက်မှာ အများပြည်သူရှေ့ ပထမဆုံး စမ်းသပ်ပြသခဲ့ရာမှာ လူအများအပြား စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

တီထွင်ဖန်တီးသူတွေရဲ့ ပြောပြချက်အရ သက်ဆိုင်ရာကသာ တရားဝင် အသုံးပြုခွင့်ပြုလိုက်ရင် ဒီယာဉ်ကို ကုန်ပစ္စည်းပို့ဆောင်ရေးနဲ့ ဝေဟင်ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ စတင်အသုံးပြုသွားဖို့ ရှိနေပါတယ်။ အနာဂတ်မှာတော့ မြို့တွင်း သွားလာရေးအတွက် လေယာဉ်ပျံတက္ကစီတွေအဖြစ်ပါ ပြောင်းလဲအသုံးပြုလာနိုင်ခြေ ရှိနေပါတယ်။

Ref : Technology Innovation