လူအစစ်လို့တောင် ထင်မှတ်မှားရလောက်အောင် တူညီတဲ့ လူသားပုံစံ စက်ရုပ်တွေကို ရှန်ဟိုင်းအခြေစိုက် ကုမ္ပဏီတစ်ခုက တီထွင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ အဆင့်မြင့် ဇီဝအတု လူသားပုံစံ စက်ရုပ် (bionic humanoid robot) မှာ သူ့ဘာသာသူ လေ့လာသင်ယူနိုင်တဲ့ AI နည်းပညာတွေ (algorithms) ကို ပေါင်းစပ်ထည့်သွင်းထားပါတယ်။
Elf V1 လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ဟာ သူ့ပတ်ဝန်းကျင်က ကမ္ဘာကြီးကို အာရုံခံသိရှိနိုင်တယ်၊ စကားပြောဆက်သွယ်နိုင်တယ်၊ လေ့လာသင်ယူနိုင်တယ်၊ ပြီးတော့ ပတ်ဝန်းကျင်နဲ့လည်း ဉာဏ်ရည်တုကိုသုံးပြီး ပါးပါးနပ်နပ် တုံ့ပြန်ဆက်ဆံနိုင်စွမ်း ရှိပါတယ်။
AheadForm Technology က တီထွင်လိုက်တဲ့ အဲဒီစက်ရုပ်မှာ လွတ်လပ်စွာ လှုပ်ရှားနိုင်တဲ့ အမှတ် (degrees of freedom) ၃၀ အထိ ပါဝင်ပါတယ်၊ ဒါကို တိကျတဲ့ ထိန်းချုပ်မှုစနစ်တစ်ခုနဲ့ အဆင့်မြင့် AI သင်ယူမှု နည်းပညာတွေက စွမ်းအားပေးထားတာပါ။
စိတ်ခံစားမှု ဖော်ပြနိုင်တဲ့ မျက်နှာအမူအရာ
ဒီစက်ရုပ်မှာ စိတ်ခံစားမှုတွေကို ဖော်ပြနိုင်တဲ့ မျက်နှာအမူအရာတွေ၊ လှုပ်ရှားနိုင်တဲ့ မျက်လုံးတွေနဲ့ ထပ်တူကျတဲ့ နှုတ်ခမ်းလှုပ်ရှားမှုတွေ ပါရှိပါတယ်။ ဒါ့အပြင် စိတ်ခံစားမှုတွေကိုလည်း ဖော်ပြနိုင်သလို၊ လူတွေရဲ့ စကားလုံးမပါတဲ့ အရိပ်အကဲတွေကိုလည်း နားလည်နိုင်စွမ်း ရှိပါတယ်၊ ဒီအချက်က လူနဲ့စက်ရုပ်ကြား ဆက်ဆံရေးကို ပိုပြီး သဘာဝကျကာ ဆွဲဆောင်မှုရှိစေပါတယ်။
အဲဒီစက်ရုပ်မှာ အပြန်အလှန် တုံ့ပြန်နိုင်စွမ်း မြင့်မားပြီး တကယ့်လူအစစ်နဲ့တူတဲ့ အသွင်အပြင်တွေ ရှိပါတယ်။
AheadForm ကုမ္ပဏီက သူတို့ရဲ့ စက်ရုပ်တွေဟာ မကြာခင်မှာပဲ နေ့စဉ်လူမှုဘဝထဲကို အဆင်ပြေပြေ ပေါင်းစပ်ဝင်ရောက်လာနိုင်ပြီး၊ လုပ်ငန်းနယ်ပယ်အမျိုးမျိုးမှာ အကူအညီပေးတာ၊ အဖော်ပြုပေးတာနဲ့ ပံ့ပိုးကူညီတာတွေ လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ဇီဝအတုအရေပြားနဲ့ အတိအကျထိန်းချုပ်နိုင်တဲ့ စနစ်
Elf V1 စီးရီးရဲ့ လူသားပုံစံ စက်ရုပ်တွေမှာ မျက်နှာကြွက်သား ၃၀ ပါဝင်ပြီး၊ အဲဒီကြွက်သားတွေကို brushless micro-motor (မော်တာအသေးစား) တွေနဲ့ လှုပ်ရှားစေကာ၊ အလွန်တိကျတဲ့ ထိန်းချုပ်မှုစနစ်တစ်ခုက စီမံခန့်ခွဲထားပါတယ်။ အသုံးပြုသူတွေရဲ့ စိတ်ခံစားမှုတွေကို ချက်ချင်းနီးပါး သိရှိနိုင်တဲ့ စွမ်းရည် (low latency) နဲ့ ဇီဝအတုအရေပြား (bionic skin) တို့ ပေါင်းစပ်လိုက်တဲ့အခါ၊ သူတို့ရဲ့ မျက်နှာအမူအရာတွေဟာ တကယ့်လူသားတွေနဲ့ တစ်ပုံစံတည်းနီးပါး တူညီသွားတယ်လို့ CGTN သတင်းမှာ ဖော်ပြထားပါတယ်။
Ref : interestingengineering