Star Wars ရုပ်ရှင်တွေထဲက မြင်ကွင်းတွေကို လက်တွေ့ကမ္ဘာမှာ မြင်ရတော့မလို ဖြစ်နေပါပြီ။ တရုတ်နိုင်ငံက “Luanniao” (Luan Bird) လို့ အမည်ပေးထားတဲ့ ကမ္ဘာ့အကြီးဆုံး “အာကာသ လေယာဉ်တင် လေယာဉ်ကြီး” စီမံကိန်း Concept ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့က ထုတ်ဖော်ပြသလိုက်လို့ ကမ္ဘာတစ်ဝန်း ဟိုးလေးတကျော် ဖြစ်သွားခဲ့ပါတယ်။

ဒီယာဉ်ကြီးရဲ့ အရွယ်အစားက မှန်းဆကြည့်ရင်တောင် ရင်သပ်ရှုမောစရာပါ။ တြိဂံပုံသဏ္ဌာန်ရှိပြီး အလျား ၂၄၂ မီတာ (ပေ ၈၀၀ ခန့်)၊ အနံ ၆၈၄ မီတာ (ပေ ၂၂၀၀ ကျော်) အထိ ကျယ်ဝန်းကာ၊ အလေးချိန် တန်ချိန် ၁ သိန်း ၂ သောင်းအထိ ရှိမှာပါ။ ဒါဟာ လက်ရှိ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော USS Gerald R. Ford ထက်တောင် အဆမတန် ကြီးမားပါသေးတယ်။ ဒါတင်မကသေးပါဘူး၊ ကမ္ဘာ့လေထုအစပ်ကနေ Hypersonic ဒုံးကျည်တွေ ပစ်လွှတ်နိုင်တဲ့ “Xuan Nu” ကိုယ်ပျောက် မောင်းသူမဲ့ တိုက်လေယာဉ် ၈၈ စင်းကို သယ်ဆောင်ထားနိုင်မယ့် မိုးပျံစစ်စခန်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။

ဒီစီမံကိန်းရဲ့ ဗျူဟာမြောက် ရည်မှန်းချက်ကတော့ ရှင်းလင်းပါတယ်။ ဒါဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ “Nantianmen Project” (ကောင်းကင်တံခါးပေါက် စီမံကိန်း) ရဲ့ အဓိက အစိတ်အပိုင်းဖြစ်ပြီး၊ အမေရိကန်နဲ့ အပြိုင်အဆိုင် ဖြစ်နေတဲ့ အာကာသ စိုးမိုးရေး ပြိုင်ပွဲမှာ အသာစီးရဖို့ ရည်ရွယ်ပါတယ်။ လက်ရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေ လှမ်းမမီနိုင်တဲ့ အမြင့်ကနေ ပျံသန်းပြီး ဒေသတွင်း (အထူးသဖြင့် ထိုင်ဝမ်အရေး) မှာ စစ်ရေးအင်အား ပြသလိုတဲ့ သဘောလည်း သက်ရောက်နေပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ ပညာရှင်တွေကတော့ ဒီစီမံကိန်းအပေါ် သံသယ မျက်လုံးတွေနဲ့ ကြည့်နေကြပါတယ်။ လာမယ့် နှစ် ၂၀၊ ၃၀ အတွင်း ဖြစ်လာနိုင်တယ်လို့ တရုတ်ဘက်က ဆိုပေမယ့်၊ လက်ရှိ နည်းပညာအရ ဒီလောက်ကြီးမားတဲ့ ယာဉ်ကို အာကာသအစပ်မှာ ပျံသန်းစေဖို့ လိုအပ်တဲ့ တွန်းကန်အားစနစ်မျိုး ကမ္ဘာပေါ်မှာ မရှိသေးပါဘူး။ ဒါ့အပြင် ဒုံးပျံပြန်လည်အသုံးပြုတဲ့ နည်းပညာမှာလည်း အမေရိကန် (SpaceX) ကို မမီသေးတဲ့အတွက် ဒါဟာ လက်တွေ့ထက် စိတ်ဓာတ်စစ်ဆင်ရေး သဘောမျိုး ပိုသက်ရောက်နေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
“လွန်ခဲ့တဲ့ နှစ် ၂၀၊ ၃၀ က သိပ္ပံစိတ်ကူးယဉ်လို့ ထင်ခဲ့တာတွေက ဒီနေ့ လက်တွေ့ဖြစ်နေပြီ” ဆိုတဲ့ စကားအတိုင်းပါပဲ။ Luanniao စီမံကိန်းဟာ လောလောဆယ် Concept အဆင့်ပဲ ရှိသေးပေမယ့် ဒါဟာ တရုတ်နိုင်ငံရဲ့ ကြီးမားတဲ့ ရည်မှန်းချက်ကို ပြသနေပါတယ်။
Ref : evrimagaci