ကမ္ဘာ့အမြန်ဆုံး ကျည်ဆန်ရထားလို့ သတ်မှတ်ခံထားရတဲ့ CR450 ကို တရုတ်နိုင်ငံက ဝန်ဆောင်မှုမစခင် စမ်းသပ်မောင်းနှင်မှုတွေ စတင်လိုက်ပါပြီ။ အဲဒီရထားဟာ Shanghai-Chongqing-Chengdu အမြန်ရထားလမ်းပေါ်မှာ တစ်နာရီကို ၄၅၀ ကီလိုမီတာ (၂၈၁ မိုင်) အမြန်နှုန်းနဲ့ စံချိန်တင် မောင်းနှင်နိုင်ခဲ့တယ်လို့ အောက်တိုဘာ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီအမြန်နှုန်းဟာ လက်ရှိပြေးဆွဲနေတဲ့ CR400 Fuxing ရထားတွေရဲ့ အမြင့်ဆုံးစံချိန်ဖြစ်တဲ့ ၃၅၀ ကီလိုမီတာ (၂၁၇ မိုင်) ကို ကျော်လွန်သွားတာ ဖြစ်ပါတယ်။

World's fastest train hits 281 mph in pre-service trials in China

ဒီရထား ဘယ်လိုလုပ် အဲဒီလောက် မြန်တာလဲဆိုရင် အဓိကကတော့ သူ့ရဲ့ ဒီဇိုင်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။ သူ့ရဲ့ ရှေ့နှာမောင်းကို လက်ရှိရထားတွေထက် ပိုရှည်အောင် (၁၅ မီတာ) ပြုလုပ်ထားပြီး၊ ဘီးတွေနဲ့ ကားအောက်ပိုင်းတွေကို အလုံပိတ် ဒီဇိုင်းတွေ၊ စကတ်ပြားတွေ တပ်ဆင်ထားပါတယ်။ စွမ်းဆောင်ရည်မြင့် ကားတွေရဲ့ ဒီဇိုင်းကို ယူထားတာဖြစ်ပြီး အမြင့်ကို ၈ လက်မနဲ့ အလေးချိန်ကို တန် ၅၀ ကျော် လျှော့ချထားပါတယ်။ ဒီဆန်းသစ်မှုတွေကြောင့် လေရဲ့ ခုခံအားကို ၂၂ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့တာပါ။

At 281 mph, China tests its fastest high-speed train

CR450 ဟာ ထိပ်တန်းအမြန်နှုန်းတင် မဟုတ်ဘဲ အရှိန်တင်တဲ့ နေရာမှာလည်း အံ့မခန်း ကောင်းမွန်ပါတယ်။ ရပ်ထားရာကနေ တစ်နာရီ ကီလိုမီတာ ၃၅၀ အမြန်နှုန်းကို ရောက်ဖို့ ၄ မိနစ်နဲ့ စက္ကန့် ၄၀ ပဲ ကြာပါတယ်။ ဒါဟာ လက်ရှိ Fuxing ရထားတွေ (၆ မိနစ် ၂၀ စက္ကန့် ကြာ) ထက် စက္ကန့် ၁၀၀ ပိုမြန်နေတာ ဖြစ်ပြီး သူ့ရဲ့ အင်ဂျင်စနစ် ဘယ်လောက် တိုးတက်လာလဲ ဆိုတာကို ပြသနေပါတယ်။

လက်ရှိမှာတော့ ဒီရထားဟာ နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို လုပ်ဆောင်နေပြီး၊ ခရီးသည်တင် လုပ်ငန်းတွေ မစတင်ခင် စမ်းသပ်မောင်းနှင်မှု ကီလိုမီတာ ၆ သိန်း (မိုင် ၃၇၃,၀၀၀) ပြည့်မီဖို့ လိုအပ်ဦးမှာ ဖြစ်ပါတယ်။ ၂၀၂၆ ခုနှစ်မှာ ခရီးသည်တင် ဝန်ဆောင်မှုတွေ စတင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

Ref : interestingengineering