တရုတ်နိုင်ငံက မြို့ပြစစ်ဆင်ရေးတွေမှာ အုပ်စုလိုက်အသုံးပြုနိုင်မယ့် မျိုးဆက်သစ် “စက်ရုပ်ဝံပုလွေ” အုပ်စုတွေကို မတ်လ ၂၆ ရက်နေ့မှာ ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်ပါတယ်။ အဲဒီစက်ရုပ်တွေကို China Ordnance Automation Research Institute က ထုတ်လုပ်ထားတာဖြစ်ပြီး အရင်စက်ရုပ်တွေထက် ခန္ဓာကိုယ်တည်ဆောက်ပုံ ပိုခိုင်ခံ့တဲ့အပြင် ပိုပြီး စမတ်ကျတဲ့ AI “ဦးနှောက်” ပါဝင်လာတာကြောင့် ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ အုပ်စုလိုက် ပိုမိုထိရောက်စွာ စစ်ဆင်နိုင်လာတာပဲဖြစ်ပါတယ်။

ဒီစက်ရုပ်ဝံပုလွေတွေရဲ့ ထူးခြားချက်ကတော့ လက်နက်မျိုးစုံ တပ်ဆင်နိုင်တာပဲဖြစ်ပါတယ်။ ဒုံးကျည်အသေးစားတွေနဲ့ လက်ပစ်ဗုံးပစ်လောင်ချာတွေ တပ်ဆင်ထားနိုင်တာကြောင့် လူသားစစ်သည်တွေအတွက် အန္တရာယ်များတဲ့ မြို့ပြတိုက်ပွဲတွေမှာ ရန်သူကို အင်အားသုံးနှိမ်နင်းဖို့ အဓိကထား တည်ဆောက်ထားတာပါ။ စက်ရုပ်တစ်ရုပ်ချင်းစီကိုလည်း တာဝန်ကိုယ်စီ ခွဲပေးထားပြီး ကင်းထောက်ဖို့အတွက် “Shadow”၊ တိုက်ခိုက်ဖို့အတွက် “Bloodstained” နဲ့ စစ်ဆင်ရေးအထောက်အကူပြုဖို့ “Polar” ဆိုပြီး အဖွဲ့လိုက် စနစ်တကျ လှုပ်ရှားနိုင်ပါတယ်။

ထိန်းချုပ်မှုအပိုင်းမှာလည်း အသံနဲ့ ခိုင်းစေနိုင်သလို အချက်ပြလက်အိတ် (data gloves) အသုံးပြုပြီး လက်ဟန်ခြေဟန်တွေနဲ့လည်း အမိန့်ပေးနိုင်တာကြောင့် လူနဲ့ စက်ရုပ်ကြား ချိတ်ဆက်မှုက ပိုပြီးအားကောင်းလာပါတယ်။ အခုလို စက်ရုပ်တွေကို လက်နက်တပ်ဆင်ပြီး အုပ်စုလိုက် အသုံးပြုလာတာဟာ စစ်မြေပြင်နည်းပညာမှာ တရုတ်ရဲ့ သိသိသာသာ တိုးတက်လာမှုကို ပြသနေတာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အမေရိကန်ရဲ့ Boston Dynamics လို ကုမ္ပဏီတွေကလည်း လေးဖက်ထောက်စက်ရုပ်တွေကို ထုတ်လုပ်နေပေမဲ့ သူတို့ကတော့ ကင်းထောက်တာနဲ့ ထောက်ပံ့ရေးပိုင်းမှာပဲ ပိုပြီးအာရုံစိုက်နေတာပါ။ တရုတ်ကတော့ ဒီနည်းပညာကို လက်နက်တပ်ဆင်ပြီး တိုက်ခိုက်ရေးဘက်ကိုပါ တွန်းအားပေး လုပ်ဆောင်လာတာကြောင့် ကမ္ဘာ့စစ်ရေးနည်းပညာပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာမယ့် အနေအထားမှာ ရှိနေပါတယ်။
Ref : Gizmochina