တရုတ်သမ္မတ Xi Jinping က တောင်ကိုရီးယားသမ္မတ Lee Jae Myung ကို Xiaomi စမတ်ဖုန်း ၂ လုံး လက်ဆောင်ပေးခဲ့ပြီး “backdoor (နောက်ဖေးပေါက်) ရှိမရှိ စစ်ကြည့်ပါ” လို့ စနေနေ့က နိုင်ငံတော်ခရီးစဉ်အတွင်းမှာ နောက်ပြောင်ပြီး ပြောခဲ့ပါတယ်။ အဲဒီခရီးစဉ်ဟာ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ဖိုရမ်ရဲ့ အဆုံးသတ်ခရီးစဉ်လည်း ဖြစ်ပါတယ်။

South Korean president holds summit with China's Xi Jinping

တောင်ကိုရီးယားနိုင်ငံ၊ Gyeongju မြို့မှာ ကျင်းပတဲ့ APEC ခေါင်းဆောင်တွေရဲ့ အစည်းအဝေးအပြီးမှာ Lee က Xi ကို နိုင်ငံတော်အဆင့် ထိပ်သီးစည်းဝေးပွဲနဲ့ ညစာစားပွဲတစ်ခု ကျင်းပဧည့်ခံခဲ့ပါတယ်။ ဒါဟာ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံဆီကို Xi ရဲ့ ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် လာရောက်တဲ့ ခရီးစဉ် ဖြစ်ပါတယ်။

Xi က Lee ကို ဖုန်းတွေလက်ဆောင်ပေးတဲ့အခါ Lee က Xi ကို “လုံခြုံရေး ဘယ်လိုရှိလဲ” လို့ မေးခဲ့ပါတယ်။ အဲဒီအခါမှာ Xi နဲ့ အဲဒီမှာရှိတဲ့ တခြားတာဝန်ရှိသူတွေအားလုံး ရယ်မောခဲ့ကြပါတယ်။ အဲဒီနောက် Xi က ဖုန်းတွေကို လက်ညှိုးထိုးပြီး “backdoor ရှိမရှိ ခင်ဗျားကိုယ်တိုင် စစ်ကြည့်နိုင်ပါတယ်” လို့ ပြန်ဖြေခဲ့ပါတယ်။

Backdoor အန္တရာယ်ဆိုတာ ပုံမှန် အထောက်အထားစစ်ဆေးမှု ဒါမှမဟုတ် လုံခြုံရေး ထိန်းချုပ်မှုတွေကို ကျော်လွှားနိုင်တဲ့ လျှို့ဝှက်နည်းလမ်းတစ်ခုကို ရည်ညွှန်းပါတယ်။

ရိုးရာကိုရီးယား ကနုတ်ပန်းပုံဖော် ယွန်းဗန်းတစ်ခုလည်း ပါဝင်တဲ့ လက်ဆောင်ပစ္စည်းပေးအပ်ပွဲကို ဆက်လက်လုပ်ဆောင်နေချိန်မှာ ခေါင်းဆောင်နှစ်ဦးလုံး ရယ်မောခဲ့ကြပြီး Lee ကလည်း လက်ခုပ်တီးခဲ့ပါတယ်။

အဲဒီအပြန်အလှန်ပြောဆိုမှုနဲ့ ပတ်သက်ပြီး Reuters သတင်းဌာနရဲ့ မှတ်ချက်တောင်းဆိုမှုတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ Xiaomi တို့က ချက်ချင်း တုံ့ပြန်ခဲ့ခြင်း မရှိပါဘူး။ Lee ရဲ့ ရုံးကလည်း Xi ရဲ့ လက်ဆောင်တွေနဲ့ ပတ်သက်ပြီး သီးခြားမှတ်ချက်ပေးစရာ မရှိဘူးလို့ ပြောပါတယ်။

ထိပ်သီးစည်းဝေးပွဲမှာ Lee က နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ အိမ်နီးချင်း မြောက်ကိုရီးယားနဲ့ ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းမှုတွေမှာ Xi ရဲ့ အကူအညီကို တောင်းခံခဲ့ပါတယ်။ Xi ကလည်း Lee ကို ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုကျယ်ပြန့်အောင် လုပ်ဆောင်ဖို့နဲ့ သူတို့ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတူတကွ ဖြေရှင်းဖို့ ဆန္ဒရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Ref : reuters