တရုတ်နည်းပညာကုမ္ပဏီ Engine AI ကတော့ အာကာသသမိုင်းသစ်ရေးထိုးဖို့ ပြင်ဆင်နေပါပြီ။ ဒါကတော့ ကမ္ဘာ့ပထမဆုံး “စက်ရုပ်အာကာသယာဉ်မှူး” ကို အာကာသထဲ လွှတ်တင်ဖို့ပါပဲ။ ဒီ Humanoid Robot Astronaut Program စီမံကိန်းကြီး အောင်မြင်ဖို့အတွက် Beijing Interstellar နဲ့ လက်တွဲဆောင်ရွက်နေပါတယ်။

ဒီမစ်ရှင်ရဲ့ အဓိကဇာတ်လိုက်ကတော့ PM01 လို့ နာမည်ပေးထားတဲ့ လူသားပုံစံ စက်ရုပ် (Humanoid Robot) ပါ။ သူက ရိုးရိုးစက်ရုပ်မဟုတ်ပါဘူး။ လျင်မြန်သွက်လက်တယ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ စမတ်စက်ရုပ်တစ်ရုပ် ဖြစ်ပါတယ်။ Engine AI နဲ့ Beijing Interstellar တို့က ဒီကောင်လေးကို အာကာသရဲ့ ကြမ်းတမ်းတဲ့ အခြေအနေတွေမှာ တောင့်ခံနိုင်ဖို့နဲ့ လူမပါဘဲ လွတ်လပ်စွာ လုပ်ကိုင်နိုင်ဖို့ အထူးမွမ်းမံသွားမယ်လို့ သိရပါတယ်။

PM01 ရဲ့ ထူးခြားချက်က လူသားတစ်ယောက်လိုပဲ လှုပ်ရှားသွားလာနိုင်တာပါ။ ရင်ဘတ်မှာ Interactive Screen ပါမယ်၊ ခါးကို ၃၂၀ ဒီဂရီအထိ လှည့်နိုင်မယ်၊ ကိုယ်ထည်ကို ခိုင်ခံ့ပြီးပေါ့ပါးတဲ့ အလူမီနီယမ်နဲ့ တည်ဆောက်ထားပါတယ်။
ကုမ္ပဏီကတော့ PM01 လို စက်ရုပ်တွေဟာ အာကာသစခန်း ပြုပြင်တာတွေ၊ အန္တရာယ်များတဲ့ နေရာတွေကို စူးစမ်းတာတွေနဲ့ ရေရှည်စောင့်ကြည့်လေ့လာတာတွေမှာ လူသားတွေထက် ပိုမိုထိရောက်မှု ရှိမယ်လို့ ယုံကြည်နေပါတယ်။ အဓိကကတော့ အသက်အန္တရာယ်များတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့ အစားထိုးပြီး အာကာသယာဉ်မှူးတွေရဲ့ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။
Ref : Technology Innovation