တရုတ်−အမေရိကန် ကုန်သွယ်ရေးစစ်ဟာ အသွင်ပြောင်းစစ်အေးလို့ သိနားလည်ထားကြတာပါ။ ထရမ့်အစိုးရလက်ထက်မှာ တင်းမာမှုပြင်းထန်ခဲ့ပြီး ဘိုင်ဒင်လက်ထက်မှာတော့ အနည်းပြေလျော့သွားသယောင်ရှိပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစပြီး တင်းမာမှုအရှိန်အဟုန် ပြန်မြင့်မားလာပါတော့တယ်။

ပြဿနာအစက တရုတ်က လို့ပဲ ပြောရပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ လေပိုင်နက်ထဲမှာ တရုတ်မိုးပျံပူဖောင်းတွေ့ရတာက စတင်ပါတယ်။ အမေရိကန်လေတပ်ကတော့ အချုပ်အခြာအာဏာကို ထိပါးတယ်လို့ ခံယူသလို၊ သူတို့လေပိုင်နက်ထဲက တရုတ်မိုးပျံပူဖောင်းတွေကို ပစ်ခတ်ဖျက်ဆီးလိုက်ပါတယ်။ တရုတ်ကတော့ မိုးလေဝသ မိုးပျံပူဖောင်းလို့ပဲ ထုတ်ပြန်ပါတယ်။

ပြဿနာက ဒီမှာတင် မပြီးသွားပါဘူး။ လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက အလက်စကာမြို့ပေါ်မှာ နောက်ထပ် မိုးပျံပူဖောင်းတစ်လုံး ပျံသန်းခဲ့တယ်လို့ ထပ်ပြီးသတင်းထွက်လာခဲ့သလို၊ ဟာဝိုင်အီကောင်းကင်ယံမှာလည်း လေဆာမီးတွေကို တွေ့ရှိခဲ့ကြပြန်ပါတယ်။ ဒါကို Mauna Kea က Subaru telescope နဲ့ ရိုက်ကူးရယူခဲ့တာပါ။ တယ်လီစကုပ်အဖွဲ့က လေဆာမီးရောင်တွေရဲ့ ဇာစ်မြစ်ကို ခြေရာခံခန့်မှန်းတဲ့အခါ တရုတ်ဂြိုလ်တုကလာတာဖြစ်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။

NASA ကတော့ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ပမာဏနဲ့ လေထုညစ်ညမ်းမှုကို စောင့်ကြည့်နေတဲ့ တုတ် Daqi-1/AEMS ဂြိုလ်တု ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဟွာဝေးကို ပိတ်ပင်မှု တိုးမြှင့်ပြီး သိပ်မကြာခင် အမေရိကန်လေပိုင်နက်ထဲမှာ မိုးပျံပူဖောင်းပျံသန်းမှုကို ဆက်တိုက်ဆိုသလို တွေ့လာရတာ၊ လေဆာမီးရောင်ပို့လွှတ်တာတွေက ပုံမှန်မဟုတ်တဲ့ ဖြစ်ရပ်လို့ ကောက်ချက်ချနိုင်စရာတွေ ဖြစ်ပါတယ်။

မိုးပျံပူဖောင်းဟာ နိုင်ငံတစ်နိုင်ငံကို စတင်တိုက်ခိုက်ဖို့ အသုံးချနိုင်တဲ့ လက်နက်လည်း ဖြစ်ပါတယ်။ ထောက်လှမ်းရေးမိုးပျံပူဖောင်းတွေဟာ မိုးလေဝသမိုးပျံပူဖောင်းအသွင်ယူပြီး လှုပ်ရှားလေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက American Leadership & Policy Foundation က လေတပ်ဗိုလ်မှူး David Stuckenberg က ဗုံးတွေသယ်ဆောင်လာတဲ့ မီးပုံးပျံတွေဟာ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ခြိမ်းခြောက်မှုတွေဖြစ်ကြောင်းအစီရင်ခံစာကို အကျယ်တဝင့်ရေးသားခဲ့ဖူးပါတယ်။ ဒီတော့ ပြဿနာက တိမ်မယောင်နဲ့ နက်နေပါတော့တယ်။

Ref: Gizchina