Unitree Robotics ရဲ့ တည်ထောင်သူ Wang Xingxing ရဲ့ အဆိုအရ တရုတ် လူတူ စက်ရုပ်တွေဟာ မကြာခင်မှာ အိုလံပစ် ပြေးခုန်ပစ် ဂန္ထဝင် ကစားသမား အူစိန်ဘော့ အပါအဝင် လူသားတွေထက် ပိုမြန်မြန် ပြေးနိုင်တော့မယ်လို့ သိရပါတယ်။ Yabuli China Entrepreneurs Forum မှာ သူက ပြောကြားခဲ့ရာမှာ လက်ရှိ အချိန်မှာ စက်ရုပ်တွေဟာ လူသားတွေရဲ့ နောက်မှာ ကျန်နေသေးပေမယ့် အဲဒီ ကွာဟချက်ဟာ လျင်လျင်မြန်မြန်ပဲ ကျဉ်းမြောင်းလာနေပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မှာ Zhejiang University နဲ့ Shanghai အခြေစိုက် JingShi Technology တို့ဟာ တစ်စက္ကန့်ကို ၁၀ မီတာ အမြန်နှုန်းနဲ့ ပြေးနိုင်တဲ့ Bolt အမည်ရ လူတူ စက်ရုပ်ကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ စက်ရုပ်ဟာ လက်ရှိ အချိန်အထိ အမြန်ဆုံး ပြေးနိုင်တဲ့ အရွယ်အစားပြည့် စက်ရုပ်ပဲ ဖြစ်ပါတယ်။

ဒီနှစ် နှစ်လယ်လောက်မှာ လူတူ စက်ရုပ်တွေဟာ မီတာ ၁၀၀ ကို ၁၀ စက္ကန့် အောက်နဲ့ ပြေးနိုင်မယ်လို့ Wang Xingxing က ခန့်မှန်းထားပြီး အူစိန်ဘော့ ရဲ့ ၉.၅၈ စက္ကန့် ကမ္ဘာ့စံချိန်ကိုတောင် ချိုးဖျက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခု ကျန်နေသေးပြီး စက်ရုပ်တွေဟာ ထိန်းချုပ်ထားတဲ့ ပတ်ဝန်းကျင်ကနေ ပြင်ပ လက်တွေ့ ကမ္ဘာရဲ့ အခြေအနေတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဆောင်ဖို့ အခက်အခဲ ရှိနေဆဲ ဖြစ်တယ်လို့ သူက မှတ်ချက်ပြုထားပါတယ်။
တကယ်လို့သာ အဲဒီ ရည်မှန်းချက် အောင်မြင်သွားမယ် ဆိုရင် ဒါဟာ AI နည်းပညာ အတွက် ကြီးမားတဲ့ ခြေလှမ်း တစ်ရပ် ဖြစ်လာမှာပါ။ စက်ရုပ်တွေ အနေနဲ့ အပြေးပြိုင်တာလိုမျိုး စွမ်းဆောင်ရည်မြင့် အလုပ်တွေမှာ လူသားတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေနဲ့ တန်းတူ ဒါမှမဟုတ် သာလွန်နိုင်စွမ်း ရှိတယ်ဆိုတာကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။
Ref : Technology Innovation