Shandong Provincial Hospital မှ တရုတ်ခွဲစိတ်ဆရာဝန်တွေဟာ အမျိုးသမီးတစ်ဦးရဲ့ ပြတ်ထွက်သွားတဲ့ နားရွက်ကို ခြေထောက်မှာ ခေတ္တဆက်ထားပြီး တစ်သျှူးမပျက်စီးအောင် ထိန်းသိမ်းကာ ဦးခေါင်းမှာ ပြန်လည်တပ်ဆင်ပေးတဲ့ ခွဲစိတ်မှုကို ကမ္ဘာ့ပထမဆုံးအကြိမ်အဖြစ် လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
လူနာဟာ ပြီးခဲ့တဲ့ ဧပြီလက စက်ယန္တရားကြီးတွေနဲ့ လုပ်ကိုင်ရတဲ့ လုပ်ငန်းခွင် မတော်တဆမှုတစ်ခုကြောင့် နားရွက်နဲ့ ဦးရေပြားတစ်စိတ်တစ်ပိုင်း ပြတ်ထွက်ဆုံးရှုံးခဲ့ရပြီး အရေပြားနဲ့ သွေးကြောတွေလည်း အကြီးအကျယ် ပျက်စီးခဲ့ပါတယ်။

ခြေထောက်မှာရှိတဲ့ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြောတွေက နားရွက်နဲ့ ကိုက်ညီမှုရှိတာကြောင့် ဆရာဝန်တွေက ခြေထောက်မှာ ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ ကနဦး ခွဲစိတ်မှုဟာ ၁၀ နာရီကြာမြင့်ခဲ့ပြီး ၀.၂ ကနေ ၀.၃ မီလီမီတာလောက်ပဲရှိတဲ့ သွေးကြောငယ်လေးတွေကို ဆက်ပေးခဲ့ရတာ ဖြစ်ပါတယ်။
၅ လကျော်ကြာ ကုသမှုခံယူပြီးနောက် အောက်တိုဘာလမှာတော့ နားရွက်ကို ဦးခေါင်းမှာ အောင်မြင်စွာ ပြန်လည်တပ်ဆင်ပေးနိုင်ခဲ့ပါတယ်။ လူနာဟာ အခုအခါ ဆေးရုံက ဆင်းသွားပြီဖြစ်ပြီး မျက်နှာရဲ့ လုပ်ဆောင်ချက် အများစုလည်း ပြန်လည်ကောင်းမွန်လာပြီလို့ သိရပါတယ်။
Ref : Fossbyte
